မြန်မာအပေါ် ICJ ရဲ့ စီရင်ချက်ချမှု နောက်ဆက်တွဲ ရာဇဝတ်မှုတွေကို စစ်အစိုးရ ရင်ဆိုင်ရနိုင်

နေပြည်တော် ၊ နိုဝင်ဘာ ၁၃

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ခံထားရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ က လာမယ့်ရက်ပိုင်းမှာ စီရင်ချက်ချမှတ်မယ့်အပေါ် နောက်ဆက်တွဲ နိုင်ငံတကာရာဇဝတ်မှုတွေကို စစ်အစိုးရ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြိုတင်ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်း ရှိ မရှိ ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်ချက် ချမယ်လို့ အသိပေးကြေညာထားတာပါ။

ဒီအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဟာ နိုင်ငံရေးအဆင်ပြေမှုအတွက် မဟုတ်ဘဲ အခြေခံမူနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ဆွေးနွေးပွဲမှာ ဖြေကြားခဲ့တယ်လို့ BBC မြန်မာပိုင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးဟာ ကျူးလွန်သူတစ်ဦးချင်းစီကို အရေးယူတာနဲ့တင် မပြီးသင့်ဘဲ အဲဒီလို ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဖွဲ့စည်းပုံတွေကိုပါ တာဝန်ခံစေရမယ်လို့ သူက ပြောဆိုထားတာပါ။

မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ကြောင့် စစ်အစိုးရအနေနဲ့ အခုနှစ်ဆန်းပိုင်းအတွင်း နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်အထိ ကုလသမဂ္ဂနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ခြင်း မရှိသေးပါဘူး။

တစ်ဘက်မှာ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိတချို့ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားသလို အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့မှာလည်း စစ်ရာဇဝတ်မှုတွေအတွက် တရားစွဲဆိုမှု အသစ်တွေ ရှိနေတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် နှင်ထုတ်မှု၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှု စတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရှေ့နေက လျှောက်ထားပြီး စီစစ်ထားဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစုံစမ်းရေးကော်မရှင်တွေက ခိုင်မာတဲ့ အထောက်အထားတွေ ရရှိထားသလို လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ရှိနေတာကြောင့် စစ်အစိုးရ လိုချင်နေတဲ့ နိုင်ငံရေးတရားဝင်မှုဟာ ခက်ခဲသွားစေနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က မြန်မာနိုင်ငံကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက်ချနိုင်တဲ့အပေါ် အင်စတီကျူးရှင်းတွေ ပြုပြင်ပြောင်းလဲဖို့ တွန်းအားတွေ ဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။

“တကယ်တမ်း အရမ်းနစ်နာသွားတဲ့ တကယ့်ကို မတရားမှုတွေကြောင့် ရိုဟင်ဂျာတွေအပါအဝင် သူတို့တွေအတွက် အနည်းဆုံး Minimum Justice ပေါ့ဗျာ၊အနည်းဆုံး တရားမျှတမှုလေးတော့ ဖော်ဆောင်ပေးဖို့ လိုတယ်။ အဲဒါနဲ့ ကျွဲကူးရေပါ တခြား Institutional Reform လို့ခေါ်တဲ့ ဒီလိုဖိနှိပ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အင်စတီကျူးရှင်းတွေကို ပြုပြင်ပြောင်းလဲဖို့ တွန်းအားတွေ ဖြစ်လာမယ်။ အဲဒီအတွက်ကိုလည်း ကျွန်တော်ထင်ပါတယ် စောင့်ကြည့်ရေးယန္တရားတွေ ဖြစ်လာပါမယ်။ အဲဒီတော့ ၁၉ ရက်နေ့မှာတော့ အဖြေပေါ်မှာပါ။ ကျွန်တော့်ရဲ့ တစ်ယောက်တည်း သုံးသပ်ချက်ကတော့ မြန်မာကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ဖို့ များပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့်သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်အတွက်လည်း ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကို သွားရောက်တဲ့အခါ မလုံခြုံတဲ့အခြေအနေ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံက အင်စတီကျူးရှင်းတွေကို စောင့်ကြည့်တာ အစီရင်ခံခိုင်းတာ လူ့အခွင့်အ‌ရေးအခြေအနေတွေ တိုးတက်မှု ရှိ မရှိ စတာတွေကို ICJ က နောက်ဆက်တွဲအဖြစ် အမိန့်ချမှတ်ခဲ့ရင်လည်း စစ်အစိုးရအတွက် အကျပ်အတည်းဖြစ်နိုင်တယ်လို့ ထောက်ပြထားတာပါ။

ဒ့ါအပြင် လက်ရှိ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က နီးစပ်သူတွေကို ခေါ်ယူပြီး ICJ ရဲ့ စီရင်ချက်နဲ့ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေတွေကို ပြောဆိုနေတာရှိကြောင်း ကြားမိတဲ့သတင်းစကားကို ဦးတိုးဇော်လတ်က ပြန်ပြောပြပါတယ်။

ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်လို့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ နိုင်ငံတကာတရားရုံး ICJ မှာ အခုနှစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းက စစ်အစိုးရအဖြစ် အသွင်မပြောင်းရသေးတာမို့ စစ်ကော်မရှင်ရဲ့ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ကြားနာပွဲကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်ခဲ့တာပါ။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နှင်းမှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ရာဇဝတ်မှု ကြိုတင်ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်လို့ အစိုးရမှာ တာဝန်ရှိ မရှိ ဥပဒေအရ ဆုံးဖြတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ICJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.