ကျိုက်ထိုမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်

ကျိုက်ထို၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကြောင်းတချို့ ပိတ်မိနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ အာဏာသိမ်း စစ်တပ်ဟာ အထူးစစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေ အခြေချလှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်ထဲကို အင်အား ၁၂၀၀ ကျော်နဲ့ စစ်ကြောင်း ၅ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ နိုဝင်ဘာ ၉ ရက်နေ့မှာ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်ထိ ထိုးဖောက်နိုင်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဗျူဟာမှူးအထိုင်ချထားတဲ့ ကျိုက်ထိုမြို့နယ် ဇီးပြောင်း(၅) ကျေးရွာဘက်ကို ပြန်ဆုတ်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းပြန်ဆုတ်လာတဲ့ လမ်းကြောင်းတစ်လျှောက်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ် စစ်ကြောင်းတွေဟာ ဝါးဘိုချောင်း၊ ဝင်းကံနဲ့ခမောက်ခွေကျေးရွာတွေမှာ ပိတ်မိနေပြီး စစ်တပ်ဘက်က လက်နက်ကြီးအပါအဝင် လေကြောင်းနဲ့အပြင်းအထန် ခုခံပေးနေတယ်လို့ ဆိုပါတယ်။

ကျိုက်ထို စစ်ဆင်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်စခန်းတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့စခန်း ၁၁ ခုအထိ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် NUG ဘက်ကတော့ အထူးတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရတာ မရှိဘဲ စစ်တပ်ဘက်က ထုတ်ပြန်မှုဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.