ကျိုက်ထီးရိုးလေးဒေသ လေကြောင်းဗုံးကြဲခံရ

ရွှေကျင်၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ကျိုက်ထီးရိုးလေးဒေသကို အာဏာသိမ်း စစ်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျိုက်ထီးရိုးလေးဒေသကို လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး လေးလုံး လာရောက်ကြဲချသွားပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် ကျိုက်ထီးရိုးလေးစေတီက ဓမ္မရုံ တစ်ရုံ ထိမှန်ပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူတွေဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုလေးမောင်နဲ့ အသက် ၃၈ နှစ်အရွယ် ကိုသားငယ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထီးရိုးလေးစေတီဟာ ရွှေကျင်မြို့နယ် မူကြေးခိုကျေးရွာရှိ တောင်တန်းပေါ်မှာ တည်ထားကိုးကွယ်တဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီနဲ့ သမိုင်းဆက်စပ်မှုရှိတဲ့ စေတီတစ်ဆူလည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်ရှိ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ လေကြောင်းဗုံးကြဲမှုကြောင့် မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ သောင်းနဲ့ချီ စစ်ရှောင်နေရပါတယ်။

စစ်တပ်ဘက်ကတော့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာ အခြေချ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အရှိန်အဟုန်မြင့် ဆက်လက်နှိမ်းနင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.