ရေနံမှော်ဒေသက KTV ဆိုင်တွေ အပြီးတိုင် ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့ အမိန့်ထုတ်

ပခုက္ကူ၊ နိုဝင်ဘာ ၁၂

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ပေါက်နဲ့ မြိုင်မြို့နယ် ရေနံမှော်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေကို အပြီးတိုင် ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တော်လှန်ရေးကာလအတွင်း ရေနံမှော်နယ်မြေတွေမှာ KTV ဆိုင်ခန်းတွေ အများအပြား ဖွင့်လှစ်လာတယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဆိုင်ခန်းတွေမှာ အရပ်သားပြည်သူတွေအပြင် တော်လှန်ရေးအဖွဲ့ဝင်တချို့ပါ မူးယစ်ဆေးဝါးသုံးစွဲတာ၊ ရောင်းဝယ်တာနဲ့ သယ်ဆောင်တာတွေ ပြုလုပ်နေကြောင်း သတင်းရရှိထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“KTV တွေတင်မဟုတ်ဘူးပေါ့နော်။ ဇိမ်ခန်းတွေ အဓိကကတော့ ဖာခန်းတွေပေါ့။အဲဒါတွေလည်းပိတ်သင့်တယ်လို့ ကျွန်တော်တို့ကမြင်တာပါ” လို့ ပခုက္ကူဒေသအခြေစိုက်တော်လှန်ရေး ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပေါက်နဲ့ မြိုင်မြို့နယ်က ရေနှံမှော်အနီးမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဇိမ်ခန်းနဲ့ KTV တွေ များလာတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေလည်း များလာတယ်လို့ အဲဒီရဲဘော်က ထပ်ပြောပါတယ်။

အဲဒီ KTV တွေမှာ Hi ခန်းတွေပါ များလာပြီး မူးယစ်ဆေးတွေ ပါရရှိလာတဲ့အတွက် ဒီလိုမျိုးပိတ်လိုက်ခြင်းအားဖြင့် ဒေသအတွက် အကျိုးရှိတဲ့လုပ်ငန်းဖြစ်လာမယ်လို့ ပခုက္ကူခရိုင်အခြေစိုက်တော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်ပါတယ်။

ပြည်သူ့အကျိုးနဲ့ တော်လှန်ရေးအကျိုးကို မဆောင်ရွက်တဲ့ အဲဒီလုပ်ငန်းတွေကို နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး အပြီးတိုင် ပိတ်သိမ်းဖို့ ညွှန်ကြားထားတာဖြစ်ပြီး လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ပခုက္ကူခရိုင်ကွပ်ကဲရေးက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.