မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် နိုင်ငံရေးက တားမြစ်ခံရပြီး နေအိမ် အကျယ်ချုပ်သို့ ပြောင်းရွှေ့

စင်ကာပူ၊ နိုဝင်ဘာ ၁၂

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်အနေနဲ့ သူ့ရဲ့ လက်ကျန်ထောင်ဒဏ်ကို နေအိမ်အချုပ်အဖြစ် ပြောင်းလဲ ကျခံနေချိန်အတွင်း နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်၊ မီဒီယာသို့ ကြေညာချက်တွေ ထုတ်တာ ဒါမှမဟုတ် လူမှုမီဒီယာ အသုံးပြု ကြေညာတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားကြောင်း ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယံ အစ္စမေးလ်က နိုဝင်ဘာ ၁၂ ရက်မှာလွှတ်တော်ကို ပြောကြားလိုက်ပါတယ်။

မလေးရှား ဘုရင် ဆူလ်တန် အေဗရာဟင် ဆူလတန် အီစကန်ဒါက စက်တင်ဘာလအတွင်း ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို သတ်မှတ်ချက်နဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။

သတ်မှတ်ချက်တွေထဲမှာ နာဂျစ်အနေနဲ့ တရားရုံး အမိန့်ချထားတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရမှာ ဖြစ်ပြီး တခြားသတ်မှတ်ချက်တွေနဲ့ အတူ အခုထွက်ပေါ်လာတဲ့ ကန့်သတ် တားမြစ်ချက်တွေ ပါလာတာ ဖြစ်ပါတယ်။

နာဂျစ် နေထိုင်လို့ရတဲ့ နေရာ၊ သူ့ကို လာတွေ့လို့ရမယ့် လူတွေ၊ သူ့အိမ်ကနေ ထွက်ခွာလို့ရမယ့်အချိန် သူသုံးလို့ရမယ့် ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေအပေါ် ကန့်သတ် တားမြစ်ချက်တွေလည်း ပါဝင်နေပါသေးတယ်။

အဲဒီစည်းကမ်းချက်တွေကို ချိုးဖောက်ရင် နာဂျစ်အနေနဲ့ ထောင်ကို ချက်ချင်း ပြန်ပို့ခံရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဆိုင်ဖူဒင်က လွှတ်တော်ရဲ့ မေးမြန်းချက်တွေကို ဖြေကြားရာမှာ ပြောဆိုသွားပါတယ်။

အသက် ၇၃ နှစ် ရှိပြီ ဖြစ်တဲ့ နာဂျစ်ဟာ သူ့ရဲ့ နေအိမ် အကျယ်ချုပ် ထားရှိရေး အကောင်အထည် ဖော်မှုနဲ့ ပတ်သက်လို့ ရက်အတော်ကြာ ဥပဒေဆိုင်ရာ မရေရာမှုတွေ ကြုံခဲ့ရပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာ ဂျလန်း လန်ဂတ် ဒူတာ အမှတ် ၁၁ နေအိမ်မှာ နေအိမ် အကျယ်ချုပ် စတင်ကျခံခဲ့တာ ဖြစ်ပါတယ်။

သူပေးဆောင်ရမယ့် ရင်းဂစ် သန်း ၅၀ ကို ပေးဆောင်ပြီးနောက် ဝန်ကြီးချုပ်ဟောင်းဟာ ကာဂျန်း ထောင်က နိုဝင်ဘာ ၆ ရက်က ထွက်ခွာလာခဲ့တာပါ။

ဒါပေမဲ့ အစိုးရရှေ့နေချုပ်များအသင်းက ဥပဒေဆိုင်ရာ ရှင်းလင်းစရာတွေ ရှိသေးတာကြောင့် နေအိမ် အကျယ်ချုပ် ပြောင်းလဲ ချထားမှုကို ယာယီ ဆိုင်းငံ့ထားရေး တောင်းဆိုခဲ့ပြီး နာရီပိုင်းအကြာမှာ ထောင်ထဲ ပြန်ပို့ခံခဲ့ရပါတယ်။

နောက်တစ်ရက် အကြာမှာ ဘုရင့်နန်းတော်က စာထွက်လာပြီး ဘုရင့်အမိန့်ကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှု မှန်သမျှ နန်းတော်အမိန့်ကို အာခံဖို့ ကြိုးပမ်းမှု အဖြစ် မှတ်ယူမယ်လို့ သတိပေးခဲ့ပါတယ်။

ဘုရင်ရဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးမှုကြောင့် နာဂျစ်ဟာ ၂၀၂၈ သြဂုတ် ၂၃ ရက်အထိ ကျခံရမယ့် လက်ကျန် ထောင်ဒဏ်ကို နေအိမ်မှာပဲ ကျခံရတော့မှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ လက်ရှိအိမ်ကလွဲလို့ တခြားနေအိမ် အဆောက်အဦတွေဆီ စာနဲ့ရေးသားထားတဲ့ ခွင့်ပြုချက် မရှိဘဲ ပြောင်းရွှေ့ခွင့် မရှိဘူးလို့ သိရပါတယ်။

နာဂျစ်ဟာ ရန်ပုံငွေ သန်းပေါင်းများစွာ ပါဝင်တဲ့ အရှုပ်တော်ပုံအတွင်း အာဏာအလွဲသုံးစားလုပ်မှု၊ ယုံကြည်မှု ချိုးဖောက်မှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ပြစ်မှုထင်ရှား ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ကနဦးမှာ ထောင် ၁၂ နှစ်နဲ့ ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ချမှတ်ခဲ့တာ ဖြစ်ပေမယ့် ၂၀၂၄ ခုနှစ်အတွင်း ထောင်ဒဏ် ထက်ဝက်လျှော့ချပေးခဲ့ပါတယ်။

ပေးဆောင်ရမယ့် ဒဏ်ငွေကိုလည်း ရင်းဂစ် သန်း ၅၀သို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.