ဘေဂျင်း ၊ နိုဝင်ဘာ ၁၂
သမိုင်း ရေစီးကို တားဆီးလို့ မရနိုင်ကြောင်း၊ ထိုင်ဝမ်ကို အမိမြေနဲ့ ပြန်လည် ပေါင်းစည်းရေး ပြီးမြောက်အောင် ဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ပြန်လည် ပေါင်းစည်းရေး ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သမ္မတ ရှီက ကတိပြုပြီး စစ်အင်အားသုံးမယ့်အကြောင်း ပြောဆိုသွားတာ မတွေ့ရပါဘူး။
ထိုင်ဝမ်ဟာ သူတို့ပိုင်ဆိုင်တဲ့ နယ်မြေ ဖြစ်တယ်လို့ တရုတ်က ရှုမြင်ထားပေမယ့် အဲဒီလို ပြောဆိုမှုကို ထိုင်ဝမ်က ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။
ဘေဂျင်းက ဘယ်ထိုင်ဝမ် ပါတီကြီးတွေကမှ မထောက်ခံတဲ့ တစ်နိုင်ငံ စနစ်နှစ်ခု ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံကို အကြိမ်ကြိမ် ကမ်းလှမ်းထားပါတယ်။
ထိုင်ဝမ်ရဲ့ မေးခွန်းကို ဖြေရှင်းတာက တရုတ် ကွန်မြူနစ် ပါတီရဲ့ မမှိတ်မသုန် သမိုင်းဝင် အစီအစဉ် ဖြစ်တယ်လို့ ဘေဂျင်းမြို့ ပြည့်ခန်းမဆောင်ကြီးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း သမ္မတ ရှီက ပြောဆိုခဲ့တာပါ။
အမိမြေနဲ့ လုံးဝ ပြန်လည် ပေါင်းစည်းရေးဟာ လက်တွေ့ ဖြစ်လာရမှာ ဖြစ်ပြီး လက်တွေ့ဖြစ်လာဖို့လည်း သေချာတယ်လို့ သူက အခိုင်အမာ ပြောပါတယ်။
ဘုရင်တွေ မိဖုရားတွေရဲ့ ရာစုနှစ်ပေါင်းများစွာကြာတဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့တဲ့ ၁၉၁၁ တော်လှန်ရေးကို ဦးဆောင်ကူ ညီခဲ့တဲ့ တော်လှန်ရေး သူရဲကောင်း ဆွန်ယက်ဆင်ရဲ့ နှစ် ၁၆ဝ ပြည့် မွေးနေ့မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း တရုတ်သမ္မတက အခုလိုမျိုး ပြောဆိုလာတာပါ။
တရုတ်က ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးနဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒကို လိုက်နာနေပြီး တရုတ် တစ်ပြည်ထောင်တည်းဆိုတဲ့ မူကို ဆက်လက် ထိန်းသိမ်းရင်း ထိုင်ဝမ်နဲ့ ဆွေးနွေးလိုတဲ့ သဘောထား ရှိနေတာပါ။
တရုတ် တစ်ပြည်ထောင်တည်းမူ ဆိုတာက ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက် စလုံး အပေါ် ဘေဂျင်းရဲ့ တစ်နိုင်ငံတည်းဆိုတဲ့ သဘောထား ရပ်တည်ချက် ဖြစ်ပါတယ်။
ထိုင်ဝမ်ရှိ လူတွေအပါအဝင် တရုတ် နိုင်ငံသားအားလုံး အတူလက်တွဲပြီး ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေး အင်အားစုတွေကို ဆန့်ကျင်ပြီး ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေးတွေ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်သင့်တယ်လို့လည်း ဖြည့်စွက် ပြောဆိုပါတယ်။
တရုတ်သမ္မတရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာ သတင်းဌာနက ထိုင်ဝမ် အစိုးရကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။
စစ်အင်အားသုံးမယ့်အကြောင်း ရှီကျင့်ဖျင်က ထည့်သွင်း ပြောဆိုမသွားခဲ့ပေမယ့် ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းအတွက်ဆိုရင် စစ်ရေး အသုံးပြုနိုင်ခြေကို လုံးဝ ပယ်ချမထားဘူးလို့ ထရုတ်က ပြောထားပါတယ်။
ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်က နေ့တိုင်းလိုလို စစ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး ပစိဖိတ်ထဲကို နောက်ထပ် လက်တံဆန့်ထုတ်နေပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း နည်းပညာလုပ်ငန်း စုရပ်မြို့ ရှန်ကျန်းမှာ ကျင်းပမယ့် အေပက်အဖွဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ သမ္မတရှီရဲ့ အခုလို ပြောကြားချက် ထွက်ပေါ်လာတာပါ။
အဲဒီ အေပက် ဆွေးနွေးပွဲမှာ သမ္မတ ရှီဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံနိုင်ခြေ ရှိနေပါတယ်။
ထိုင်ဝမ်မှာလည်း နောက်နှစ်ပတ်ကျော်ကြာရင် အရေးကြီးတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေပါတယ်။
Ref:Reuters

