နေပြည်တော် စက်တင်ဘာ ၁၇
လုပ်ငန်းဆိုင်ရာ အငြင်းပွားမှု တစ်ခု ဖြစ်ပွားပြီးနောက် ဇွန်လကတည်းက ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား အဒမ် ကက်စ်တီလိုကို မြန်မာနိုင်ငံရဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရက စက်တင်ဘာ ၁၆ ရက်မှာ လွှတ်ပေးလိုက်ပါတယ်။
ကက်စ်တီလို ပြန်လည် လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့က ထရန့် အစိုးရဲ့ ကြိုးပမ်းမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရှိ အမေရိကန် စီးပွားရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း ကက်စ်တီလို ပြန်လည် လွတ်မြောက်လာပြီးနောက် နေပြည်တော်ကနေ ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီ လုပ်ရပ်ဟာ အမေရိကန်နဲ့ မြန်မာကြား နှစ်နိုင်ငံ ခင်မင်တဲ့ ဆက်ဆံရေးကို ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ မြန်မာ သမ္မတရုံးက လူမှုမီဒီယာ X ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ အမေရိကန် အမြတ်မယူတဲ့ အဖွဲ့ Global Reach က ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန် မရိန်း တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်တဲ့ ကက်စ်တီလို ပြန်လည် လွတ်မြောက်ရေး သူတို့ အဖွဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
သူ့ရဲ့ ညီမ အမန်ဒါ ကက်စ်တီလိုက မိမိတို့ အဖွဲ့၊ သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဒုသမ္မတ ဂျေဒီ ဗင့်စ်တို့ကို ကျေးဇူးတင်ကြောင်း ပြောထားတယ်လို့ အဲဒီ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပြုပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
ကက်စ်တီလိုဟာ သူ လုံခြုံရေး လုပ်ငန်းတစ်ခု ဖွင့်လှစ်ထားတဲ့ ရန်ကုန် လေဆိပ်မှာ ဇွန် ၁၁ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဝါရှင်တန်မှာ စည်းရုံးရေးတွေ လုပ်ဆောင်ဖို့ သူ ဦးဆောင်နေတဲ့ စီးပွားရေးအဖွဲ့ကို မလျော်မကန် အသုံးချတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ စွဲချက်တွေဟာ အတုအယောင်တွေ ဖြစ်ပြီး မြန်မာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနဲ့ ပုဂ္ဂိုလ်ရေး အငြင်းပွားမှုကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ကက်စ်တီလို ထောက်ခံသူတွေက ပြောပါတယ်။
မြန်မာ အစိုးရက နိုင်ငံတကာမှာ တရားဝင် ဖြစ်ရေး ကြိုးပမ်းနေချိန်မှာ သူ့ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
‘
အမေရိကန်က မြန်မာ ခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ပံ့ကူညီနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ် ပိတ်ဆို့အများအပြား လုပ်ဆောင်ထားဆဲ ဖြစ်ပေမယ့် ထရန့် အစိုးရ အဖွဲ့ဝင်တွေက မြန်မာ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပြောဆိုဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားပါတယ်။
ကက်စ်တီလို အိမ်ပြန်လာတာ မြင်ရလို့ မိမိတို့ ဝမ်းမြောက်ကြောင်း Global Reach အဖွဲ့ရဲ့ အမှုဆောင်အရာရှိ မစ်ကီ ဘာ့ချ်မန်းက ကြေညာချက် တစ်ရပ်မှာ ဖော်ပြပါတယ်။
သူ လွတ်မြောက်ရေးအတွက် ထရန့်အစိုးရ အဖွဲ့ဝင်တွေက ကန့်လန့်ကာ နောက်ကွယ်ကနေ တိတ်တဆိတ် ကြိုးပမ်းခဲ့ကြောင်းလည်း ကြေညာချက်မှာ ရေးပါတယ်။
ထရန့်အစိုးရရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေအတွက် ကျေးဇူးတင်ကြောင်းလည်း ဘာ့ချ်မန်းက ပြောပါတယ်။
ဘာ့ချ်မန်းဟာ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ နောက်ထပ် အမေရိကန် နိုင်ငံသား တစ်ဦး ဖြစ်တဲ့ ဂျာနယ်လစ် ဒန်နီ ဖန်စတာ လွတ်မြောက်ရေး အတွက်လည်း အရင်က ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။
စစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ပြီးနောက် အဲဒီ ဂျာနယ်လစ်လည်း ပြန်လွတ်လာခဲ့ပါတယ်။
Myanmar Chapter of Republicans Overseas အဖွဲ့ကို တည်ထောင်ပြီး ဦးဆောင်ခဲ့သူ ကက်စ်တီလိုဟာ မြန်မာနိုင်ငံရှိ မြေရှားသတ္တု တူးဖော်မှုမှာ အမေရိကန် ပါဝင်နိုင်ခြေနဲ့ ပတ်သက်လို့လည်း ၂၀၂၅ ခုနှစ်က ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ဖူးပါတယ်။
မြန်မာ စစ်တပ် အာဏာသိမ်းမှုအတွင်း သူရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ကိုယ်တွေ့ မှတ်တမ်း ထုတ်ဝေပြီးနောက် မကြာခင် ကတ်စ်တီလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
Ref:Reuters

