ဘန်ကောက်၊ စက်တင်ဘာ ၁၇

ဘန်ကောက်မြို့ ဘန်ဘွန်းဒေသရှိ တန်ဖိုးကြီး နေအိမ် တစ်လုံးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက် ညက ဝင်ရောက်စီးနင်းပြီး ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ ၁၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဘန်ဘွန်း နူအာဒေသခွဲ ဧကချိုင် ၁၁၂လမ်းရှိ အိမ်ကြီးရခိုင် တစ်လုံးကို စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီက ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရို လက်ထောက် ကော်မရှင်နာမင်းကြီး ရဲဗိုလ်မှူးချုပ် ပန်သာနာ နူချာနက် ဦးဆောင်တဲ့ အဖွဲ့က စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အိမ်ကနေ နိုင်ငံခြားသားတွေ အများကြီး သံသယ ဖြစ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ဝင်ထွက်နေကြတာကြောင့် စိုးရိမ်မှုရှိတဲ့ ထိုင်းနိုင်ငံသား တစ်ဦးရဲ့ သတင်းပေးချက်အရ စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေဝရမ်း ရရှိပြီးနောက် အဲဒီ အိမ်ကြီးကို အရာရှိတွေက စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ရာမှာ ကျားဖြန့်စင်တာ ဖွင့်ထားတာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

အဲဒီ အိမ်ကို တရုတ်သူဌေး တစ်ဦးအတွက် ထိုင်းနိုင်ငံသား တစ်ဦးက အမည်ခံပြီး ကိုယ်စားငှားပေးထားတာ တစ်နှစ်ကျော် ရှိပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပြီး အိမ်ငှားခ တစ်လကို ဘတ် ၉ သိန်းအထိ ပေးရတယ်လို့ သိရပါတယ်။

သံသယရှိသူ စုစုပေါင်း ၁၅ ဦးကို အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံသား တစ်ဦး ပါဝင်ပြီး တခြား ၁၄ ဦးကတော့ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံက နိုင်ငံသားတွေ ဖြစ်ပါတယ်။

ဖမ်းဆီးထားသူ ၁၅ ဦးစလုံးဟာ လုပ်ငန်း လည်ပတ်ရေးအဆင့် အလုပ်သမားတွေဖြစ်ပုံရပြီး သူတို့ရဲ့ အဓိက အလုပ်တာဝန်က လိမ်လည်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ရတာ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

အဲဒီ အဖွဲ့ဟာ ဂျပန်နိုင်ငံသားတွေကို အဓိကထား လိမ်လည်နေတာလို့ သိရပါတယ်။

သံသယရှိတဲ့ တရုတ်သူဌေးဟာ ထိုင်းနိုင်ငံမှာ ရှိနေဆဲ ဖြစ်တယ်လို့ ယုံကြည်ရပြီး နိုင်ငံထဲကနေ တရားမဝင် ထွက်သွားနိုင်တဲ့ လမ်းကြောင်းတွေကို အရာရှိတွေက စောင့်ကြည့်နေပါတယ်။

ကျားဖြန့် အလုပ်သမားတွေက သူတို့ ပစ်မှတ်ထားတဲ့ လူတွေကို ကြုံသလို ဆက်သွယ်ပြီး သူတို့ရဲ့ နာမည်နဲ့ တရားမဝင် အထုပ်တစ်ခု ကြားဖြတ်ရရှိထားတယ်လို့ လိမ်လည်ကြတာ ဖြစ်ပါတယ်။

အလိမ်ခံရသူက သူတို့ ပြောတဲ့ ဇာတ်လမ်းကို ယုံကြည်သွားရင် ဆက်သွယ်သူက သူတို့ကို တခြား လိုင်း တစ်ခုနဲ့ ဆက်သွယ်ပေးပြီး ရဲဟန်ဆောင်ထားသူနဲ့ တွေ့ဆုံစေပါတယ်။

အဲဒီနောက် သံသယ ဖြစ်ဖွယ် ငွေလွှဲပြောင်းမှု စစ်ဆေးတွေ့ရှိထားတာ ဒါမှမဟုတ် ဥပဒေချိုးဖောက်မှု တစ်ခုမှာ ပါဝင်နေတာ တွေ့ရတယ်လို့ ဆက်ပြီး လိမ်လည်ပါတယ်။

အဲဒီနောက် စုံစမ်းစစ်ဆေးဖို့အတွက်လို့ဆိုပြီး ကျားဖြန့် အလုပ်သမားတွေက သူတို့ဆီကို ငွေလွှဲခိုင်းပါတယ်။

အခုလို စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့က မီဒီယာသမားတွေကိုပါ ခေါ်ဆောင်သွားခဲ့ပြီး အဆောက်အဦရဲ့ သီးခြားနေရာတွေ အများကြီးမှာ လိမ်လည်မှု အဆင့်ဆင့် အတွက် စီစဉ်ထားတာ တွေ့ရပါတယ်။

ဒုတိယထပ်ကို အလုပ်နေရာတွေအဖြစ် ပိုင်းခြားထားပြီး အဲဒီနေကနေ ကျားဖြန့် အလုပ်သမားတွေက သူတို့ ပစ်မှတ်ထားတဲ့ လူတွေဆီ ဆက်သွယ်နေတာ ဖြစ်ပါတယ်။

ကျားဖြန့် အလုပ်သမားတွေ လိုက်ပြောဆိုနိုင်အောင် နံရံတွေမှာ ဂျပန်ဘာသာနဲ့ ရေးထားတဲ့ ဇာတ်ညွှန်း စာရွက်တွေ ကပ်ထားပါတယ်။

နောက် အခန်းတစ်ခန်းမှာတော့ လိမ်လည်ခံရသူတွေကို တခြား ဖုန်းလိုင်းဆီ လွှဲပေးဖို့အတွက် အသုံးပြုထားပုံရပါတယ်။

ဂျပန်ရဲဝတ်စုံတွေ စင်ပေါ်မှာ ချိတ်ဆွဲထားတာတွေ့ရပြီး ဂျပန်နိုင်ငံက ရဲစခန်း အမျိုးမျိုးရဲ့ အမှတ်တံဆိပ် အတုတွေလည်း တွေ့ရပါတယ်။

အဲဒီ နေရာကနေ ကနဦး သိမ်းဆည်းရမိထားတဲ့ သက်သေ အထောက်အထားတွေမှာ ကွန်ပြူတာတွေ၊ ဖုန်းတွေရဲ့ ငွေလွှဲဖို့ သုံးတဲ့ ဆင်းကဒ်တွေ ပါဝင်သလို ခရစ္စတယ် မက်သာဖက်တမင်းတွေနဲ့ မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို စာရင်းသွင်းနေဆဲ ဖြစ်ပြီး အဲဒီ အမှုကို ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

Ref: Khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.