ကွာလာလမ်ပူ စက်တင်ဘာ ၁၇
မလေးရှားနိုင်ငံက မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို မြန်မာစစ်အစိုးရဘက်က သဘောတူမယ်ဆိုရင် စစ်ခေါင်းဆောင်ဟောင်း၊ လက်ရှိသမ္မတ မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်အဖြစ် မလေးရှားနိုင်ငံကို ဖိတ်ခေါ်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
ဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဧပြီလအတွင်း သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်အစိုးရကို မလေးရှားနဲ့ အာဆီယံအနေနဲ့ တရားဝင်အသိအမှတ်ပြုဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေးကိစ္စ ဆွေးနွေးဖို့အတွက် မြန်မာဘက်မှာ ဆွေးနွေးညှိနှိုင်းနိုင်မယ့် အာဏာပိုင်တစ်ရပ် လိုအပ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်က သူ့ကို ဖိတ်ခဲ့တယ်။ ကျွန်တော်တို့ မိတ်ဆွေဖြစ်နိုင်တယ်၊ ကုန်သွယ်နိုင်တယ်၊ မြန်မာနိုင်ငံနဲ့ ဆက်ဆံနိုင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကလည်း သူတို့နိုင်ငံသားတွေကို ပြန်လက်ခံရမယ်” ဆိုတဲ့သဘောနဲ့ အန်ဝါက ပေါ့ကတ် အစီအစဉ်တစ်ခုမှာ ပြောပါတယ်။
မလေးရှားဟာ ယခင်က မြန်မာစစ်အစိုးရအပေါ် ဝေဖန်မှု ပြင်းထန်ခဲ့တဲ့ အာဆီယံနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး မြန်မာဘက်က တိုက်ပွဲတွေရပ်တန့်ဖို့ ပျက်ကွက်နေမှုအပေါ် အကြိမ်ကြိမ် စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်အနေနဲ့ မကြာသေးခင်က လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးဖြစ်တာကြောင့် မလေးရှားကသာ ဖိတ်ခေါ်ခဲ့မယ်ဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံထဲက မင်းအောင်လှိုင်ကို လက်ခံကြိုဆိုတဲ့ ၅ နိုင်ငံမြောက် ဖြစ်လာမှာပါ။ မင်းအောင်လှိုင်ဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။
မလေးရှားအစိုးရက ပြီးခဲ့တဲ့ သြဂုတ်လမှာ မြန်မာဒုက္ခသည် ၁,၅၀၀ ကို စက်တင်ဘာအတွင်း ပြန်ပို့မယ့် ဆန္ဒအလျောက် နေရပ်ပြန်ရေးအစီအစဉ်ရဲ့ ပထမအဆင့်ကို အပြီးသတ်ခဲ့တယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရ မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံသား ဒုက္ခသည်နဲ့ ခိုလှုံသူ စုစုပေါင်း ၁၉၃,၈၀၀ ခန့် ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီသူတွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် လက်ရှိအခြေအနေမှာ လုံခြုံမှုမရှိသေးဘူးလို့ UNHCR က ပြောထားပါတယ်။
ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ လူနည်းစုတစ်စုဖြစ်ပြီး နှစ်စဉ် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အသက်အန္တရာယ်ရှိတဲ့ လှေခရီးစဉ်တွေကတစ်ဆင့် နေရပ်ကနေ ထွက်ခွာနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရိုဟင်ဂျာ ၁ သန်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။
အန်ဝါက ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခတွေကို နားလည်ကြောင်း ပြောခဲ့ပေမယ့် မလေးရှားအနေနဲ့ ဒုက္ခသည်တွေကို အမြဲတမ်း လက်ခံထားနိုင်မှာမဟုတ်ဘဲ နေရပ်ပြန်ပို့ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
သူ့အဆိုအရ မြန်မာဘက်ကလည်း ဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ သဘောတူထားပြီး ပြန်လည်ပို့ဆောင်ရေးကုန်ကျစရိတ်ကို မလေးရှားဘက်က ကျခံပေးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဆင့်လိုက် ထပ်မံပြန်ပို့ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် အန်ဝါကတော့ မြန်မာကို ဒေါသတကြီး ဝေဖန်အော်ဟစ်နေခြင်းထက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် တိုက်ရိုက်ညှိနှိုင်းတာက ပိုမို ထိရောက်တဲ့ သံတမန်ရေးနည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။
အာဆီယံအနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေမှာ မဖိတ်ခေါ်တော့ဘဲ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုထားပါဘူး။
Ref:Reuters

