ရေး၊ ဩဂုတ် ၂၁

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်း ပတ်ထိုးနေတာကြောင့် နှစ်ဖက် ထိပ်တွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ် စစ်ကြောင်းဟာ သြဂုတ် ၁၆ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ လိမ္မော်ခြံ၊ ဘေးလမိုင်း၊ အောင်သပြေ၊ နို့ဖိုးနဲ့ ကနင်ကမော့ကျေးရွာတို့မှာ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတာပါ။

စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် သြဂုတ် ၁၇ ရက်နေ့က နို့ဖိုးနဲ့ ကနင်ကမော့ကျေးရွာတို့မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပါတယ်။

တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ကျေးရွာအုပ်ချုပ်ရေးတွေနဲ့ ရွာခံတွေကို စည်းရုံးရေး ဆင်းတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဖြစ်ပြီး စစ်ကြောင်း နှစ်ကြောင်းခွဲဟာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ သြဂုတ် ၂၀ ရက်နေ့အထိ ရေး – သံဖြုဇရပ်လမ်းပိုင်းနဲ့ ရော်ဘာခြံတွေမှာ လှည့်လည်သွားလာနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ကလည်း ရေးမြို့နယ် အောင်သပြေကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.