ကြားအင်ဆိပ်ကြီး၊ သြဂုတ် ၂၁

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လှိုင်ကနီကျေးရွာမှာ လူ ၁၁ ဦးပါ စက်လှေတိမ်းမှောက်သွားပေမယ့် အားလုံးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီကျော်လောက်မှာ ခရီးသည် ၁၁ ဦး တင်ဆောင်လာတဲ့ စက်လှေငယ်တစ်စီးဟာ ကျေးရွာအနီးရှိ အင်းတစ်ခုအား ဖြတ်သန်းမောင်းချိန် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

“သူတို့တင်တဲ့လှေက ငယ်တယ်။ လူကများပြီး ဝိတ်မနိုင်တော့ လှေဦးစိုက်ပြီးနစ်သွားတာ။ သူတို့အထုပ်တွေက ရေမဝင်လို့ အထုပ်တွေ ကိုင်ထားပြီး ကယ်တဲ့လှေက ချက်ချင်းလာနိုင်လို့ အကုန်အသက်ရှင်တာ။ လူမကွဲသွားတာ ကံကောင်းတယ်”လို့ ရွာခံတစ်ဦးက ပြောပါတယ်။

အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ ခရီးသည် ၁၁ ဦးဟာ ရွာခံတွေ မဟုတ်ဘဲ ခရီးသွားတွေ ဖြစ်ကာ ဩဂုတ် ၂၀ ရက်နေ့ကတည်းက မုဒုံဘက်ကနေ ဘုရားသုံးဆူမြို့သို့ သွားဖို့ရောက်လာကြတာဖြစ်ပြီး ရေကြီးနေလို့ ကျေးရွာမှာ ပိတ်မိနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းက လှိုင်ကနီကျေးရွာအနီးတဝိုက် ရေကြီးနေတာကြောင့် ခရီးသွားကား ၂၀ ကျော်၊ လူဦးရေ ၂၀၀ နီးပါး ပိတ်မိနေပါတယ်။

ရေကြီးနေတာကြောင့် မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်က နေရာတော်တော်များများမှာ လမ်းရေကျော်နေပြီး ကားတွေလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.