စစ်ကိုင်း၊ ဩဂုတ် ၂၂
နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တစ်လအတွင်း တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်က စစ်သား ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့ ဇူလိုင် ၁ ရက်နေ့မှာ ၃၁ ရက်နေ့အထိ တစ်လအတွင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိအပါအဝင် စစ်သား ၃၁၅ ဦး သေဆုံးခဲ့ပြီး ၄၇၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိတွေ အပါအဝင် စစ်သုံ့ပန်းအဖြစ် စစ်သား စုစုပေါင်း ၂၉ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင်လအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်စခန်း ၁၆ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အဲဒီထဲမှာ စစ်တပ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သား ၆၄၄ ဦး သေဆုံးခဲ့ပြီး ၂၀၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်း အင်အားတွေနဲ့ မြေပြင်ထိုးစစ်တွေ အပြင်းအထန် ပြုလုပ်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တစ်ဖက်မှာလည်း အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

