ဘားအံ၊ သြဂုတ် ၂၂

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတွေ ကျဆင်းလာမှုကြောင့် ကရင်ပြည်နယ်က ဘားအံမြို့အပါအဝင် မြို့တချို့မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး လူဦးရေ အနည်းဆုံး ၂၀၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာနေရာတွေဆီ ရှောင်ရှားကြဖို့ မိုးဇလက သတိပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာလည်း သောင်ရင်းမြစ်ရေကြီးလာနေပြီး မြဝတီမြို့ရဲ့ မြေနိမ့်ပိုင်းနေရာတွေနဲ့ သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ ရေဝင်ရောက်လာနေကာ မြဝတီမြို့ပေါ်မှာ လူဦးရေ အနည်းဆုံး ၅၀၀ ခန့် ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းရောက်ရှိလာခဲ့ပါတယ်။

မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း ၅ ပေခန့် ထပ်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၁ ရက်နေ့က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မိုးရွာသွန်းမှုနဲ့အတူ တောင်ကျရေတွေ စီးဆင်းလာတာကြောင့် လှိုင်းဘွဲမြစ်၊ ဟောင်သရောမြစ်၊ ဂျိုင်းမြစ်၊ ဇမိမြစ်ရေတွေ ကြီးလာတာကြောင့် လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့တွေက မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူတွေကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေက ရွှေ့ပြောင်းကူညီပေးနေရပါတယ်။

လှိုင်းဘွဲမြို့မှာ လက်ရှိအချိန်မှာ ရေတက်မြန်ဆန်နေတာကြောင့် မြို့ပေါ်နဲ့ ရေးဘေးအန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ဖို့၊ ရေတက်မြန်ဆန်လာပါက လုံခြုံစိတ်ချရတဲ့နေရာတွေဆီ အချိန်မီပြောင်းရွှေ့နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့လည်း လှိုင်းဘွဲလူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာလည်း မိုးကြီးပြီး တောင်ကျရေစီးဆင်းလာတာကြောင့် ဩဂုတ် ၂၀ ရက်နေ့က မြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်လာကာ စာသင်ကျောင်း ၆ ကျောင်း ခေတ္တခဏပိတ်ထားရတယ်လို့ ကော့ကရိတ်မြို့ခံဆီကနေ သိရပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ပြည်သူတွေ အခက်အခဲတွေများစွာကြုံတွေ့ရင်ဆိုင်နေရတဲ့အချိန် အခုလို ရေကြီးရေလျှံမှုဒဏ်ကြောင့် နေအိမ်တွေနစ်မြုပ်ပြီး စားရေးနေရေးတွေ အခက်အခဲများစွာ ပိုကြုံလာနေရတယ်လို့ ရေဘေးသင့်သူတွေက ပြောဆိုကြပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း မြန်မာပြည်တောင်ပိုင်းဒေသ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.