မင့်စ် ၊ ဩဂုတ် ၂၂

မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး စတင်ဆောင်ရွက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ အခြားကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဘယ်လာရုစ်က စီးပွားရေးလုပ်ငန်းရှင်တွေကို ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။

အာဏာသိမ်းစစ်တပ်က‌နေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပြီး ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ကို ရောက်ရှိကာ ဩဂုတ် ၂၀ ရက်နေ့က ပြုလုပ်တဲ့ မြန်မာ – ဘယ်လာရုစ် စီးပွားရေးဖိုရမ်မှာ ပြောဆိုခဲ့တာပါ။

အဲဒီစီးပွားရေးဖိုရမ်မှာတော့ ကိုယ်တိုင်ခန့် သမ္မတနဲ့အတူ ဘယ်လာရုစ်နိုင်ငံ ဝန်ကြီးချုပ်၊ နှစ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ၊ စစ်အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြန်မာနိုင်ငံက UMFCCI နာယကနဲ့ အဖွဲ့ဝင်တွေလည်း တက်‌ရောက်ခဲ့ကြပါတယ်။

ဦးမင်းအောင်လှိုင်က နှစ်နိုင်ငံဆက်ဆံရေးဟာ “အနီးကပ်ဆုံးအဆင့်”နဲ့ “အမြင့်ဆုံးအဆင့်” ရောက်ရှိလာပြီး ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် မိတ်ဖက်ဆက်ဆံရေးသာမက နိုင်ငံတကာမျက်နှာစာမှာလည်း စိန်ခေါ်မှုတွေရှိတဲ့ကာလမှာ အတူရပ်တည်ပြီး ပံ့ပိုးကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အနာဂတ်မှာလည်း အခုထက် ပိုမိုတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ဖို့ မိမိတို့အနေနဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်အကောင်အထည်ဖော်ရမယ့်အချိန် ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဒါကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဘယ်လာရုစ်နိုင်ငံရဲ့ အကြီးစားစက်မှုလုပ်ငန်းတွေဖြစ်တဲ့ တာယာနဲ့ အကြီးစားစက်ပစ္စည်းတွေ ထုတ်လုပ်တာအပါအဝင် အကြီးစားကုန်တင်ယာဉ်တွေ ထုတ်လုပ်တာတွေ လုပ်ဆောင်ဖို့ သူက ဖိတ်ခေါ်ခဲ့တာပါ။

တနင်္သာရီတိုင်းအတွင်း သတ္တုတူးဖော်သန့်စင်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့ကိုလည်း ဖိတ်ခေါ်ခဲ့တဲ့အပြင် အဲဒီဒေသမှာ ခရီးသွားလုပ်ငန်းအတွက် သင့်လျော်တဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ရှိတဲ့အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်က သီလဝါအထူးစီးပွားရေးဇုန်ဟာ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့အခါ သယ်ယူပို့ဆောင်ရေး အားသာချက်ရှိတဲ့အပြင် အခြေခံအဆောက်အအုံပြည့်စုံတဲ့အတွက် ပို့ကုန်ဦးစားပေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်မှုလုပ်ငန်းတွေဆောင်ရွက်ဖို့ အကောင်းဆုံးရွေးချယ်မှုလို့ ဆိုပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ်တို့အကြား ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ရေးနဲ့ အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရေး လုပ်ဆောင်နေသလို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကိုလည်း ရေးဆွဲအတည်ပြု လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ အသိပေးထားတာပါ။

အဲဒီလမ်းပြမြေပုံထဲမှာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မယ့် အစီအစဉ်တွေအပြင် စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းစတဲ့ ကဏ္ဍစုံမှာ လက်တွဲဆောင်ရွက်မယ့် အသေးစိတ်အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ခေတ်မီသိုလှောင်ရုံတွေ၊ အအေးခန်းသိုလှောင်ရုံတွေ၊ ကုန်စည်ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေလိုမျိုး စီးပွားရေးစီမံကိန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားတာပါ။

အစိုးရအနေနဲ့ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပြီး အထူးသဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်အသုံးပြုတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ပြောပါတယ်။

ဒါ့အပြင် ရတနာပုံဆိုက်ဘာစီတီးမှာ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု AI အသုံးချမှုတွေ၊ ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးအတွက် ဘယ်လာရုစ်နိုင်ငံက စိတ်ပါဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

ဘယ်လာရုစ်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်နိုင်ရေး လုပ်ငန်းတွေအဆင်ပြေအောင် လည်ပတ်နိုင်စေရေးတို့အတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို သူတို့အစိုးရအနေနဲ့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမယ်လို့ စီးပွားရေးဖိုရမ်မှာ ဦးမင်းအောင်လှိုင်က ပြောကြားထားတာပါ။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ ဦးမင်းအောင်လှိုင်တို့ ဩဂုတ် ၂၀ ရက် ညပိုင်းက အလွတ်သ‌ဘောတွေ့ဆုံမှုမှာလည်း စီးပွားရေး၊ လုံခြုံရေးနဲ့ လူမှုရေးကဏ္ဍတွေအပါအဝင် ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ အချက်အလက်တွေအရ ဘယ်လာရုစ်အစိုးရဟာ မြန်မာစစ်တပ်နဲ့ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းမှုတွေ ရှိနေပြီး လေကြောင်းကာကွယ်ရေးစနစ်နဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ် အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာတွေ လွှဲပြောင်းရောင်းချတာတွေကိုလည်း အတည်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.