ဂျာကာတာ ဩဂုတ် ၁၀

အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာသန်းနဲ့ချီတန်ဖိုးရှိတဲ့ ကတ်တမင်း မူးယစ်ဆေး ၁ ဒသမ ၃ တန်လောက်ကို မြန်မာနိုင်ငံသား သင်္ဘောသား ၇ ဦး လိုက်ပါလာတဲ့ နိုင်ငံခြားအလံတင် သင်္ဘောတစ်စင်းပေါ်ကနေ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေထဲမှာ အကြီးစားဖမ်းဆီးမှုတစ်ခု ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အင်ဒိုနီးရှား အမျိုးသားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ အကြီးအကဲရဲ့ပြောကြားချက်အရ အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက MV King Sun သင်္ဘောကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကနေ အင်ဒိုနီးရှားဘက်ကို အရှေ့ဘက်သို့ ခုတ်မောင်းလာတဲ့ ဒီသင်္ဘောပေါ်မှာ သံသယဖြစ်စရာ ကုန်ပစ္စည်းတွေ ပါလာတယ်ဆိုတဲ့ သတင်းရရှိခဲ့တာကြောင့် လပေါင်းများစွာ စောင့်ကြည့်ခဲ့တာလို့ ဆိုပါတယ်။

နောက်ဆုံး ဩဂုတ် ၆ ရက်နေ့မှာတော့ သင်္ဘောဟာ အင်ဒိုနီးရှားရေပိုင်နက်ထဲ ဝင်ရောက်လာချိန် ရေတပ်စစ်သင်္ဘောက ကြားဖြတ်တားဆီးခဲ့ပါတယ်။

အဲဒီနောက် ဩဂုတ် ၇ ရက်နေ့မှာ ပူးပေါင်းအဖွဲ့က သင်္ဘောကို ရှာဖွေရာမှာ ဝှက်ထားတဲ့ အိတ် ၆၅ အိတ် တွေ့ရှိခဲ့ပြီး စစ်ဆေးကြည့်တဲ့အခါ ကတ်တမင်း မူးယစ်ဆေးတွေ ဖြစ်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ကတ်တမင်း ပမာဏက ၁ ဒသမ ၃ တန်ခန့် ရှိပြီး တန်ဖိုးအားဖြင့် အင်ဒိုနီးရှား ရူပီယာ ၂ ဒသမ ၀၇ ထရီလီယံ၊ စင်ကာပူဒေါ်လာ ၁၄၉ သန်းခန့် တန်ဖိုးရှိတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေကတော့ သင်္ဘောထဲမှာ ဒီထက်ပိုတဲ့ မူးယစ်ဆေးတွေ ရှိနေသေးလားဆိုတာ ဆက်လက်ရှာဖွေနေတယ် လို့ ပြောပါတယ်။

ဒီသင်္ဘောဟာ တန်ဇန်းနီးယားအလံတင် သင်္ဘော ဖြစ်ပြီး စင်ကာပူနိုင်ငံအနီးက အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ ဖမ်းဆီးခဲ့တာလို့ နိုင်ငံပိုင်သတင်းဌာန Antara က ဖော်ပြပါတယ်။

သင်္ဘောပေါ်မှာ ပါလာတဲ့ သင်္ဘောသား ၈ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်နိုင်ငံသား ၁ ဦး ပါဝင်ပါတယ်။

အခုချိန်မှာတော့ အာဏာပိုင်တွေက ဒီ ကတ်တမင်းတွေရဲ့ မူရင်းလာရာ၊ ပို့ဆောင်မယ့်ဆိပ်ကမ်း၊ ပို့သူနဲ့ လက်ခံမယ့်သူတွေက ဘယ်သူတွေလဲ ဆိုတာကို ဆက်လက်စုံစမ်းနေပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ထိုင်းနိုင်ငံကနေ မှောင်ခိုသွင်းလာတဲ့ ဆေးခြောက် ၃ ဒသမ ၃၇ တန် ကို ဖမ်းဆီးရမိခဲ့ပြီး သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာလည်း အာဖဂန်နစ္စတန်ကနေ အင်ဒိုနီးရှားနိုင်ငံထဲကို မက်သာဖက်တမင်း ၂ ဒသမ ၅ တန် မှောင်ခိုသွင်းခဲ့တဲ့ ကွန်ရက်တစ်ခုကို ဖြိုခွင်းခဲ့ပြီး သံသယရှိသူ ၁၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေအတွက် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ရှိပေမယ့် လက်ရှိမှာတော့ နှစ်အတော်ကြာအောင် သေဒဏ်ပေးကွပ်မျက်မှုတွေကို ရပ်ဆိုင်းထားပါတယ်။

Ref:Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.