လောင်းလုံး၊ ဩဂုတ် ၅

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်း စစ်တပ်က လမ်းတလျှောက်မှာတွေ့တဲ့ ဒေသခံ ဆိုင်ကယ် အစီး ၂၀ နီးပါး သိမ်းယူသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းက အင်အား ၁၂၀ ဝန်းကျင်ပါတဲ့ စစ်တပ် စစ်ကြောင်းဟာ မောင်းမကန်ကျေးရွာမှတဆင့် ကျောက်ဆင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာပြီး လမ်းမှာတွေ့တဲ့ ဆိုင်ကယ်တွေကို မတရားသိမ်းယူခဲ့တာပါ။

စစ်တပ်စစ်ကြောင်းဟာ မောင်းမကန်ကျေးရွာကနေတဆင့် ကျောက်ဆင်၊ သဘော့ဆိပ်စတဲ့ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လမ်းတလျှောက်မှာတွေတဲ့ အရပ်သားပြည်သူတွေရဲ့ ဆိုင်ကယ်အစီး ၂၀ ဝန်းကျင်ကို အတင်းအဓမ္မ သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်တပ်စစ်ကြောင်းဟာ သဘော့ဆိပ်ကျေးရွာက အမျိုးသားတစ်ဦးကို လမ်းမှာတွေ့ပြီး တားတဲ့အချိန် ဆိုင်ကယ်မရပ်ပေးတာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီအမျိုးသားဟာ ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရရှိပြီး ထားဝယ်ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးချိန် မောင်းမကန်၊ ကျောက်ဆင် သဘော့ဆိပ် စတဲ့ကျေးရွာတွေက အရပ်သားပြည်သူ တစ်ဆယ်ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့တဲ့ အရပ်သားတွေလည်း ရှိသလို ဖမ်းဆီးခံထားရသူတွေ ရှိတယ်လို့ ဆိုပါတယ်။

သြဂုတ် ၃ ရက်နေ့ ညနေပိုင်းမှာတော့ အဲဒီစစ်တပ်စစ်ကြောင်းဟာ မောင်းမကန်‌ကျေးရွာကို ပြန်လည်ရောက်ရှိလာပြီး မောင်းမကန်ကမ်းခြေက တနင်္သာရီဟိုတယ်မှာ တပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာ ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.