မြဝတီ၊ သြဂုတ် ၄
ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနအရှေ့ခြမ်း တိုက်ပွဲမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မှတ်တမ်းဓာတ်ပုံနဲတကွ ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဒေါနအရှေ့ခြမ်းဒေသမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
မနေ့ သြဂုတ် ၃ ရက်နေ့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ အမှတ် ၂၀၃ ခြေမြန်တပ်ရင်းက ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားတယ်လို့ KNU က ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဆီကနေ လက်နက်ခဲယမ်းတွေအပါအဝင် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး ရှေ့တန်းစစ်မြေပြင်မှာ စစ်သားတွေရဲ့ ရုပ်အလောင်းအများအပြား ကျန်ရစ်ခဲ့တယ်လို့ KNU က မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ အခုနှစ်ဆန်းပိုင်းကစလို့ ဒေါနအရှေ့ခြမ်းဒေသမှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
အချိန် ၈ လကျော်ကြာမြင့်လာတဲ့ ဒေါနအရှေ့ခြမ်း တိုက်ပွဲမှာ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေ ထိခိုက်သေဆုံးမှု များပြားနေပြီး လက်နက်ချအလင်းဝင်တွေသူ နေ့စဉ်လိုလို ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေါနအရှေ့ခြမ်း တိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကလည်း မြဝတီမြို့တောင်ဘက် သုံးထပ်ကွေ့ ဘုရားကုန်း လေကြောင်းဗုံးကြဲခံရတာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

