သထုံ၊ ဩဂုတ် ၄
မွန်ပြည်နယ် သထုံမြို့မှာ လူသိများတဲ့ “ထွန်းစတိုး”ဆိုင်ကို အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် ထိုင်ကုန်ပစ္စည်း အများအပြား သိမ်းဆည်းသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ အာဏာသိမ်း စစ်တပ်က ကား ၉ စီးနဲ့ ရောက်ရှိလာပြီးနောက် “ထွန်းစတိုး”ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီနောက် အာဏာသိမ်း စစ်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ “ထွန်းစတိုး”ဆိုင်မှာ ရောင်းချနေတဲ့ ထိုင်းကုန်ပစ္စည်း အများအပြားကို သိမ်းဆည်းသွားပြီး ဆိုင်ပိုင်ရှင်ကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြည်တွင်း ထုတ်ကုန်ပစ္စည်းတွေအပါအဝင် ထိုင်းကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ “ထွန်းစတိုး”ဆိုင် ဝင်ရောက်စီးနင်းခံရပြီးနောက် သထုံမြို့မှာ ထိုင်းကုန်ပစ္စည်း ရောင်းချနေတဲ့ ဆိုင်အများစု အရောင်းပိတ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ထွန်းစတိုး”ဆိုင် ဝင်ရောက်စီးနင်းခံရတာကြောင့် ဒေသတွင်းမှာ ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာမှာကို ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။
“ထွန်းစတိုး”ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့တဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ သိမ်းဆည်းသွားတဲ့ ကုန်ပစ္စည်းတွေကို တပ်ရင်းဌာနချုပ်တွေထံ တစ်ခါတည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
မြို့ခံတွေရဲ့ အဆိုအရ “ထွန်းစတိုး”ဆိုင်ကနေ သိမ်းဆည်းသွားတဲ့ ထိုင်းကုန်ပစ္စည်းတွေကို လာမယ့် ရက်ပိုင်းအတွင်း စစ်တပ်က တာဝန်ရှိသူတွေအပါအဝင် ဇနီးမယားတွေက ပြည်သူဆီ ပြန်လည်ရောင်းစားမှုတွေ ရှိလာနိုင်တယ်လို့ ဆိုကြပါတယ်။
မွန်ပြည်နယ်ဟာ အစိုးရအဆက်ဆက် ထိုင်းကုန်ပစ္စည်း အများအပြား အသုံးပြုနေရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပေမယ့် စစ်အုပ်စု လက်ထက်မှာတော့ သွင်းကုန် ကန့်သတ်ချက်တွေကြောင့် ထိုင်းကုန်ပစ္စည်းတွေကို ဈေးနှုန်း အဆမတန် ပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

