သထုံ ၊ ဩဂုတ် ၅
မွန်ပြည်နယ် သထုံခရိုင်မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒေသခံပြည်သူတွေကို ဒေသန္တရအမိန့် ဖောက်ဖျက်မှု အကြောင်းပြချက်နဲ့ ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သထုံခရိုင်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ ပေါင်၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ စစ်တပ် အသွင်းပြောင်း အစိုးရ လက်ထက်မှာလည်း အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူမစီးရ၊ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ ဒေသန္တရအမိန့်ကို ဆက်လက် ထုတ်ပြန်ထားပါတယ်။
ဒေသန္တရအမိန့် အကြောင်းပြချက်နဲ့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံတွေ ဖြစ်တဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့ အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ညပိုင်းအချိန်တွေမှာ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဘီးလင်း ဒေသခံ တစ်ဦးကတော့ ဒေသတွင်းမှာ သတ်မှတ်ထားတဲ့ ဒေသန္တရအမိန့်တွေကို အကြောင်းပြပြီး ဆက်တိုက် ဆိုသလို ဖမ်းဆီးနေပြီး အဲဒီထဲမှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ပိုမို ပစ်မှတ်ထားနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပထမက ဆိုင်ကယ် နှစ်ယောက် သုံးယောက် မစီးရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဒေသန္တရအမိန့် ဖောက်ဖျက်တယ်ဆိုပြီး ဖမ်းဆီးတာ၊ ဒီနောက်ပိုင်းကတော့ ည ၁၀ နာရီ/ ၁၁ နာရီလောက်ဆို စဆွဲပြီ။ ဖမ်းဆီးတဲ့သူတွေကိုလည်း ဒေသန္တရ အမိန့် ဖောက်ဖျက်တယ်ဆိုပြီး ဆွဲတာနေတာ”လို့ ဆိုပါတယ်။
ဒေသန္တရ အမိန့် ဖောက်ဖျက် ကျူးလွန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံတွေထဲက စစ်တပ်နဲ့နီးစပ်သူတွေကိုတော့ ငွေကြေး တောင်းခံကာ ပြန်လည် လွှတ်ပေးတာ ရှိသလို ငွေကြေး မပေးနိုင်သူတွေကိုတော့ စစ်မှုထမ်း စုဆောင်းတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ပေါင် ဒေသခံ တစ်ဦးကလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့က ညဘက်တွေမှာ ကင်းလှည့်ပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ညဘက်တွေမှာ အပြင်မထွက်ရဲတော့ဘဲ စိုးရိမ်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ည ၁၀ နာရီခွဲ/၁၁ နာရီဆို သူတို့ ကင်းလှည့်တယ်။ တွေ့ရင် ဖမ်းတယ်။ဖမ်းပြီးရင် တချို့ဆို လုံးလုံး ပေးမတွေ့ဘူး။ ဟိုတစ်လောလေးက ၂၅ သိန်းလား သိန်း ၃၀ လား မသိဘူး၊ အဲတာ ပေးပြီး ပြန်ရွေးခဲ့တယ်။မြို့ထဲမှာ အခု ညဘက် သိပ်မထွက် ရဲတော့ဘူးပေါ့”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးတာ၊ မြို့အတွင်း လူစည်ကားရာ နေရာတွေမှာ ပိတ်ဆို့ စစ်ဆေးတာအပြင် မထင်မှတ်တဲ့ နေရာ တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အခုလို စစ်ဆေးတဲ့ နေရာမှာတော့ဒေသတွင်းက လူငယ်တွေအပြင် ဒေသန္တရအမိန့်တွေအကြောင်း မသိနားမလည်တဲ့ ဒေသခံတွေကိုပါ ဖမ်းဆီးကာ ငွေညှစ် အနိုင်ကျင့်တာတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ မိုးရာသီ ဖြစ်တာကြောင့် သထုံခရိုင်အတွင်းက ရေတံခွန်၊ စမ်းချောင်းတွေကို လာရောက် လည်ပတ်တဲ့ ဒေသန္တရအမိန့်ကို မသိရှိတဲ့ ခရီးသွား ပြည်သူတွေကိုလည်း ပစ်မှတ်ထား ဖမ်းဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သထုံခရိုင်မှာတော့ စစ်တပအာဏာသိမ်း ပြီးနောက် ဒေသခံတွေကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့ အပြင် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ပြန်လည် အသက်သွင်း ပြီးနောက် ဒေသန္တရ အမိန့် အကြောင်း ပြချက်နဲ့ ဆက်တိုက် ဆိုသလို ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

