နေပြည်တော် ၊ ဩဂုတ် ၅
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကြောင့် စစ်တပ်အနေနဲ့ စစ်မျက်နှာတချို့ လျော့ကျသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို ပိုမို ဦးတည်လာနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးထားပြီး အဲဒီထဲမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တအာင်းအဖွဲ့ TNLA လည်း ပါဝင်နေတာပါ။
TNLA ဟာ ညီနောင်မဟာမိတ်တွေနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကို အရှိန်တင်ပေးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA လည်း အလားတူပါ။
ဒါကြောင့် စစ်တပ်ရဲ့ အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တစ်ခန်းရပ်သွားခဲ့တဲ့အတွက် ရှမ်းမြောက်နဲ့ မန္တလေးက ဒေသတချို့မှာ အကြီးအကျယ်ရင်ဆိုင်ခဲ့ရတဲ့ စစ်မျက်နှာတွေကို စစ်တပ်အနေနဲ့ လျှော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဘက်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲအတွင်း MNDAA နဲ့ TNLA တို့ ဆက်လက် ပါဝင်လာနိုင်ခြင်းမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် မဟာမိတ်အင်အား လျော့နည်းသွားတဲ့ အနေအထားမျိုး သက်ရောက်သွားစေခဲ့တာပါ။
ဒီအခြေအနေမှာ ကိုးကန့်အဖွဲ့ MNDAA လည်း စစ်တပ် အသွင်းပြောင်း အစိုးရ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဩဂုတ်လအတွင်း နေပြည်တော်ကို လာရောက်ဖို့ ရှိနေပြီး မြောက်ပိုင်းအဖွဲ့တွေထဲက AA နဲ့ KIA ကလွဲရင် ကျန်အဖွဲ့တွေလည်း အလားတူ ဖြစ်ပါတယ်။
မြောက်ပိုင်းအဖွဲ့အဖြစ် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ “ဝ”အဖွဲ့ UWSP ၊ မိုင်းလားအဖွဲ့ NDAA ၊ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA နဲ့ ရှမ်းအဖွဲ့ SSPP တို့ NSPNC နဲ့ တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က ငြိမ်းချမ်းရေးဆွေးနွေးတဲ့ မြောက်ပိုင်းအဖွဲ့တွေဟာ အတိုင်းအတာတစ်ခုထိ အပစ်ခတ်ရပ်စဲသွားမှာဖြစ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို စစ်တပ်က လှည့်လာမယ့် အနေအထားလို့ သုံးသပ်ပါတယ်။
“အခုကတော့ ရှမ်းပြည်မှာ KIA နဲ့ AA ကလွဲရင် မြောက်ပိုင်းအဖွဲ့တွေအားလုံးက ငြိမ်းချမ်းရေး NCA ဖြစ်တာ မဖြစ်တာထက် လက်ရှိကတော့ ကာလအတိုင်းအတာတစ်ခုလောက်အထိ အပစ်ခတ်ရပ်စဲသွားမယ့် အနေအထားမျိုးပဲ။ အဲဒီတော့ စစ်တပ်အတွက်က စစ်မျက်နှာရော ရန်သူ အရေအတွက်ရော လျှော့ချလာနိုင်တယ်။ဒါကြောင့် ရှမ်းပြည်က (စစ်တပ်ရဲ့) တိုက်ခိုက်ရေးတပ်တွေကိုလည်း ဒီဘက် AA KIA တော်လှန်ရေးတပ်ဖွဲ့တွေ ရှိရာဘက်တွေကို လှည့်လာတဲ့အနေအထားမျိုးကို တွေ့ရတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာလည်း “ဝ”အဖွဲ့ UWSP ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ကို ရောက်ရှိနေပြီး စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ဩဂုတ် ၃ ရက်နေ့က ဒုတိယကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
UWSP ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အခြေခံမူကို စောင့်ထိန်းပြီး ပြည်ထောင်စုစနစ်အတွင်း အခြေပြုလို့ နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်အစိုးရက ရှေ့ဆက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပြီး မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု စတဲ့ ပြစ်မှုဆိုင်ရာတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းသွားမယ်လို့ ပြောကြားထားကြောင်း စစ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
NSPNC ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း) က “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ရဲ့ နိုင်ငံရေးလိုလားချက်နဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်နိုင်မယ့် အစီအမံတွေကို ဆွေးနွေးခဲ့ပါတယ်။
လက်ရှိ စစ်အစိုးရ လုပ်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ပိုမိုပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်အပါအဝင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့အဖြစ် ဩဂုတ် ၄ ရက်နေ့မှာ ဆက်လက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်အစိုးရက ဖိတ်ခေါ်ခဲ့မှုအပေါ် လက်ရှိအချိန်အထိ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်ခဲ့တဲ့ အဖွဲ့တွေသာ အများဆုံး ပါဝင်ဆွေးနွေးခဲ့ကြတာပါ။
အဲဒီထဲက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိအားကြောင့် အပစ်ခတ်ရပ်စဲထားတဲ့ TNLA က ပထမဦးဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီး MNDAA လည်း အလားတူ ပါဝင်လာဖို့ သတင်းတွေထွက်ပေါ် နေတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ စစ်အစိုးရဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း နွေဦးတော်လှန်ရေးမှာ စတင်ဖွဲ့စည်းထားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တချို့ဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ NSPNC ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီအပေါ် ဥက္ကဋ္ဌကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး တော်လှန်ရေးရဲ့ မူလရည်မှန်းချက်တွေအပေါ် သစ္စာရှိစွာ ရပ်တည်ပြီး စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက်ကြိုးပမ်းသွားမယ်လို့ CNO/CNDF က ဩဂုတ် ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားတာပါ။
အာရက္ခတပ်တော် AA နဲ့ KIA တို့ကတော့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ဆက်လက်ပါဝင်နေကြတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ဒါ့အပြင် AA က ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး KIA ကတော့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ NUG ၊ CRPH အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ KNU ၊ KNPP ၊ CNF တို့နဲ့အတူ ပါဝင်နေတာပါ။
ဒီအခြေအနေမှာ စစ်အစိုးရဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ မြောက်ပိုင်းအဖွဲ့ထဲက AA နဲ့ KIA တို့သာ ကျန်တဲ့အတွက် စစ်ရေးအရ သက်ရောက်မှုတွေ ကြီးထွားမယ့် အနေအထားမျိုးလို့ CDM ဗိုလ်ကြီး ဇင်ယော်က သူ့အမြင်ကို ပြောပါတယ်။
“KIA နယ်မြေတွေမှာဆိုရင်တော့ မြေပြင်စစ်ကြောင်းတွေ ဝင်နိုင်ပေမယ့် အာရက္ခတပ် ရခိုင်ပြည်နယ် စစ်မျက်နှာမှာတော့ လေကြောင်းအကြမ်းဖက်မှုလောက်ပဲ လုပ်လို့ရတဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ ဒါကြောင့် AA အတွက် ဝင်ပေါက်ကို CNO/CNDF နဲ့ ပတ်သက်ပြီးတော့ စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းကိုပါ စပြီးတော့ သွေးခွဲလာတဲ့ အနေအထားမျိုးကို တွေ့ရတယ်။အဲဒီတော့ အဓိက ရန်သူက AA KIA လို့ သတ်မှတ်မယ် စစ်ရေးဖိအားအရလည်း AA KIA အပေါ်မှာ သက်ရောက်မှုတွေ တော်တော်များများ ကြီးထွားသွားမယ့် အနေအထားမျိုးလို့ ကျွန်တော်တို့က ယူဆပါတယ် ”လို့ ဆိုပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကတော့ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ လိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာကြဖို့ ထပ်မံတိုက်တွန်းပြန်ပါတယ်။
သူတို့ စစ်တပ် အသွင်းပြောင်း အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကို တွေ့ဆုံဆွေးနွေးဖို့ အမြဲဖိတ်ခေါ်နေပြီး အခုအချိန်မှာ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်စွာနဲ့ နိုင်ငံသစ်ကို အတူတကွ တည်ဆောက်ကြဖို့ လိုတယ်လို့ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်ပြောထားတာပါ။
နိုင်ငံတစ်ဝန်းလုံး အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရေး ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုနေမယ့်အစား ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဖြစ်သင့် ဖြစ်နိုင်တာတွေကိုသာ ညှိနှိုင်းတောင်းဆိုကြဖို့ ဦးမင်းအောင်လှိုင်က စကားဦးသန်းထားပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ စစ်တပ် အသွင်းပြောင်း အစိုးရ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဟာ မတူညီတဲ့ အစုအဖွဲ့တွေကြား ကြိုတင်သဘောတူထားတဲ့ မူဘောင်တွေ မရှိနေတဲ့အတွက် ဖက်ဒရယ်နဲ့ ဒီမိုကရေစီအခြေပြု နိုင်ငံရေးပြောင်းလဲမှု ပုံစံမျိုး မြင်ရနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြတာပါ။
ဒါ့ပြင် တစ်ဖွဲ့ချင်းနဲ့ အပစ်ခတ်ရပ်စဲရေးကလည်း ရေတိုငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးနဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် သံတမန်ရေးရာမှာ မျက်နှာသာရဖို့ ချဉ်းကပ်တဲ့ ဗျူဟာလို့ ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PPIB

