တိုကျို၊ ဇွန် ၁၉
ရန်လို တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး အမေရိကန်-အီရန် ကနဦး သဘောတူညီချက်ကို ဂျပန် သင်္ဘောနဲ့ စွမ်းအင်ကုမ္ပဏီတွေက ကြိုဆိုကြပေမယ့် လမ်းကြောင်း ပုံမှန်ပြန်ဖြစ်ရေး သေချာဖို့ အဝေးကြီး လိုနေသေးတယ်လို့ သတိပေးလိုက်ပါတယ်။
အပြီးသတ် သဘောတူညီမှု ရရှိဖို့ ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်။ ပြီးတော့ ရေလက်ကြားမှာ မိုင်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အနာဂတ် ဖြတ်သန်း သွားလာမှုအတွက် ဝန်ဆောင်ခ ကောက်မယ့် အစီအစဉ်ရှိကြောင်း အီရန်က ပြောဆိုနေပါတယ်။
ဂျပန် နိုင်ငံသား ၃ ဦး အပါအဝင် သင်္ဘောသား ၉၀၀ လောက်လိုက်ပါတဲ့ ဂျပန်နဲ့ ဆက်စပ်တဲ့ သင်္ဘော ၃၈ စီးဟာ ဇွန် ၁၈ ရက် ညနေ ၅ နာရီခွဲအထိ သောင်တင်နေဆဲ ဖြစ်ပါတယ်။
ဂျပန် သင်္ဘောပိုင်ရှင်များ အဖွဲ့အစည်းက အမေရိကန်-အီရန် သဘောတူညီမှုဟာ အခြေအနေကို ဖြေရှင်းရေး ရှေ့ဆက်ရမယ့် ကြီးမားတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ပြောပြီး ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ရက်ပေါင်း ၆၀ အတွက် အဲဒီရေလက်ကြားက ဖြတ်သန်းတဲ့ သင်္ဘောတွေကို အဖိုးအခ မကောက်ပါဘူးလို့ သဘောတူညီမှုမှာ မပါဝင်ကြောင်း အဲဒီဂျပန် အဖွဲ့က ပြောပါတယ်။
အခုကာလ အဆုံးသတ်ပြီးနောက် ဟောမု့ဇ်ရေလက်ကြားကနေ ဘေးအန္တရာယ် ကင်းစွာ အခမဲ့ ဖြတ်သန်းခွင့်ပြုရေး ဂျပန် သင်္ဘော ပိုင်ရှင်တွေက တောင်းဆိုထားပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ သင်္ဘော ၁၀ စီးလောက်ရှိတဲ့ NYK Line က အဲဒီ ရေကြောင်းလမ်း စောစောစီးစီး ပုံမှန် ပြန်ဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
Kawasaki Kisen Kaisha Ltd ကုမ္ပဏီကတော့ ရေလက်ကြား ဘေးကင်းကြောင်း အသေအချာ စောင့်ကြည့်ပြီးမှ ဖြတ်သန်းမယ်လို့ ပြောထားပါတယ်။
လုပ်ငန်းနယ်ပယ်ဆိုင်ရာ ခေါင်းဆောင်တွေကလည်း အမေရိကန်နဲ့ အီရန်ကြား ကနဦး သဘောတူညီချက် ရပြီဆိုပေမယ့် ရေလမ်းကြောင်း ဘေးကင်းပြီလို့ အာမခံချက် ရရှိတာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Mitsui O.S.K. Lines Ltd ကုမ္ပဏီကတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရ အဖွဲ့တွေ အာမခံ ကုမ္ပဏီတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
ဇွန် ၁၈ ရက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွမ်းအင် ကုမ္ပဏီကြီး Cosmo Energy Holdings Co., ရဲ့ ဥက္ကဋ္ဌ ရှီဂီရူ ယာမာဒါက စစ်ပွဲ မတိုင်ခင်က အခြေအနေတွေ အတိုင်း ချက်ချင်း ပြန်ဖြစ်မယ်လို့ မထင်ကြောင်း ပြောပါတယ်။
အမေရိကန်-အီရန် နားလည်မှု စာချွန်လွှာက တိုက်ခိုက်မှုတွေ ရက်ပေါင်း ၆၀ ကြာ ရပ်ထားဖို့နဲ့ အပြီးသတ် သဘောတူညီချက်အတွက် အဲဒီရက်ပိုင်းအတွင်း ညှိနှိုင်းမှာ ဖြစ်ပါတယ်။
Ref: THE ASAHI SHIMBUN

