ဘန်ကောက်၊ ဇွန် ၁၉

သံတမန်ရေးနဲ့ ကောင်စစ်ဝန်ရေးရာ ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ထိုင်းမှာ နောက်ထပ် မြေနဲ့ အဆောက်အဦ ဝယ်ယူရေး မြန်မာရဲ့ တောင်းဆိုမှုကို ထိုင်းအစိုးရအဖွဲ့က ဇွန် ၁၈ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

အိမ်နီးချင်း အချင်းချင်းရဲ့ နယ်မြေတွေထဲမှာ သံရုံးနဲ့ ကောင်စစ်ဝန် လုပ်ငန်းစဉ်တွေအတွက် ထိုင်းနဲ့ မြန်မာက မြေနဲ့ အဆောက်အဦတွေ အပြန်အလှန် ပိုင်ဆိုင်ခွင့်ရရေး မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုခဲ့တာ ဖြစ်တယ်လို့ ထိုင်းအစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ လာလီဒါ ဖတ်သီရိဝတ်တနာက ပြောပါတယ်။

ထိုင်းသံရုံးနဲ့ သံအမတ်ကြီး နေအိမ်အတွက် ရန်ကုန်မှာ ထိုင်းက ၁၄၆၀၅ စတုန်ရန်း မီတာ ကျယ်ဝန်းတဲ့ မြေနဲ့ အဆောက်အဦတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောခွင့်ရသူ လာလီဒါက ပြောပါတယ်။

မြန်မာက သူတို့ရဲ့ သံရုံးနဲ့ ဆက်စပ် အဆောက်အဦတွေအတွက် ဘန်ကောက်မှာ မြေနဲ့ အဆောက်အဦ ၁၆၆၀၀ စတုရန်းမီတာ ပိုင်ဆိုင်ထားတာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

အဲဒီ မြေတွေနဲ့ အဆောက်အဦတွေကို နှစ်နိုင်ငံစလုံးက ၁၉၄၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာက ထိုင်းမှာ နောက်ထပ် မြေနဲ့ အဆောက်အဦ ၃၃၀၆ ဒသမ ၈ စတုရန်း မီတာ ဝယ်ယူခွင့် ရရှိရေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး တိုးချဲ့ဖို့ ချင်းမိုင်မှာ မြေဝယ်ယူခွင့်ရဖို့ တောင်းဆိုထားတာ ဖြစ်သလို ဘန်ကောက်မှာလည်း ရုံးတွေနဲ့ အလုပ်သမားရေးရာ ဆက်စပ် ဝန်ထမ်းတွေအတွက် နေအိမ်တွေ ရရှိရေး အဆောက်အဦတစ်ခု ဝယ်ယူဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့က အခုလိုမျိုး ဝယ်ယူခွင့်ပြုလိုက်တာဟာ ထိုင်းနဲ့ နယ်မြေချင်း အရှည်ဆုံး ထိစပ်နေတဲ့ မြန်မာနဲ့ ထိုင်းကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြောင်း ထပ်မံ အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အခု အစီအစဉ်ကြောင့် သံတမန်ရေးနဲ့ ကောင်စစ်ဝန်ဆိုင်ရာ လုပ်ငန်းစဉ်တွေ အတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပြီး အလုပ်သမားရေးရာ၊ လူသားလုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံရေးနဲ့ နယ်စပ်ဖြတ်ကျော် ကိစ္စတွေကို စီမံခန့်ခွဲရာမှာ ပိုမို အားကောင်းလာစေမှာ ဖြစ်တယ်လို့ လာလီဒါက ပြောပါတယ်။

အခုလို ဝယ်ယူခွင့်ပြုတာက နိုင်ငံတကာဆိုင်ရာ တာဝန်ရှိမှုတွေနဲ့ နိုင်ငံတကာ ဥပဒေအတွက် ထိုင်းရဲ့ ကတိထားမှုကို ဖော်ပြနေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဟန်ပြရွေးကောက်ပွဲ ကျင်းပပြီးနောက် ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းလာတဲ့ အိမ်နီးချင်း နိုင်ငံတွေထဲမှာ ထိုင်းလည်း အပါအဝင် ဖြစ်ပါတယ်။

အရပ်ဝတ်လဲထားတဲ့ စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အဖွဲ့ကို အာဆီယံနဲ့ ပြန်လည် စေ့စပ်ပေးရေး ကူညီပေးမယ်လို့ ထိုင်းက ပြောထားပါတယ်။

ထိုင်းက နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ဖို့နဲ့ ကုန်သွယ်မှုတွေ ပုံမှန် ပြန်ဖြစ်စေဖို့လည်း ကြိုးပမ်းနေပါတယ်။

Ref:KhaosodEnglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.