ဝါရှင်တန်၊ ဒူဘိုင်း၊ ဇွန် ၁၉
အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသတ်ရေး အပြီးသတ် သဘောတူညီမှု ရရှိရေး အီရန်နဲ့ အမေရိကန် ဆွေးနွေးပွဲတွေကို ဇွန် ၁၉ ရက်မှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆွစ်ဇာလန်က ပြောဆိုခဲ့ပါတယ်။
ဆွစ်ဇာလန်သို့ လာရောက်မယ့် အစီအစဉ်ကို အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်ဇ်က ဖျက်သိမ်း လိုက်တာ ဖြစ်ကြောင်းလည်း ဆွေးနွေးမှု လက်ခံ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွစ်ဇာလန်က ဆိုပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးမယ့် အစီအစဉ် ပျက်သွားတာကြောင့် ရေရှည် သဘောတူညီမှု တစ်ရပ် ရရှိနိုင်မလားဆိုတဲ့ မသေချာမရေရာ အခြေအနေတွေ ထွက်ပေါ်လာပါတယ်။
ညှိနှိုင်းမှုတွေရဲ့ ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်တွေ လုံးဝ မရိုးရှင်းခဲ့သလို ကြိုတင် မှန်းဆက်လို့ မရခဲ့ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူက တုံ့ပြန်ပါတယ်။
ဒုသမ္မတ ဗန့်ဇ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အစီအစဉ်တွေ အပြီးသတ်ပြီးတာနဲ့ ဆွစ်ဇာလန်သို့ ထွက်ခွာဖို့ အသင့်ရှိနေခဲ့တာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တောင်ထိပ် အပန်းဖြေမြို့ ဘာဂန်စတော့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲတွေ ကျင်းပ ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပေမယ့် အသေးစိတ်ကို မဖော်ပြပါဘူး။
အီရန်ဘက်က တုံ့ပြန်မှု ချက်ချင်း ထွက်မလာသေးမေယ့် သူတို့က ဆွေးနွေးမှုတွေ စတင်ဖို့ အသင့်ရှိတယ်လို့ စောစောပိုင်းက ပြောကြားခဲ့တာပါ။
နှစ်နိုင်ငံအနေနဲ့ ကနဦး သဘောတူထားတဲ့ အချက် ၁၄ ချက်ကို ရှေ့ဆက်ပြီးတော့ ရက်ပေါင်း ၆၀ အတွင်း ဆက်လက် ညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ဆွစ်ဇာလန်သို့ သွားပါမယ်ဆိုတဲ့ အတည်ပြုချက် လုံးဝ ထွက်ပေါ်မလာခဲ့ဘူးလို့ အီရန် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆွစ်ဇာလန်မှာ နှစ်နိုင်ငံ သဘောတူညီမှု တရားဝင် လက်မှတ်ရေးထိုးသွားမယ်လို့ အမေရိကန် အရာရှိတွေက ပြောကြားခဲ့ပေမယ့် အီရန်က သမ္မတ နှစ်ဦး လက်မှတ်ထိုးပြီး ဖြစ်တာကြောင့် မလိုအပ်တော့ဘူးလို့ ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
Ref:Reuters

