ကျိုက်ထို၊ ဇွန် ၁၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချောင်းစောင့်ကျေးရွာ လမ်းဆုံကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၁၈ ရက်နေ့ နေလည် ၁ နာရီအချိန်လောက်မှာ ချောင်းစောင့်ကျေးရွာ လမ်းဆုံကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးနှစ်လုံး လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။
နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဖာပွန်တိုက်ပွဲကနေ ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေဟာ ချောင်းစောင့်ကျေးရွာ လမ်းဆုံရှိ ဈေးဆိုင်တစ်ခုမှာ ခေတ္တနားခိုနေချိန် အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် ကနဦးမှာ တော်လှန်ရေး ရဲဘော် နှစ်ဦးနဲ့ ဆိုင်ရှင် အမျိုးသမီး တစ်ဦး သေဆုံးထားတယ်လို့ စုံစမ်းသိရှိရပြီး ရဲဘော်တွေနဲ့အရပ်သား အများအပြား ဒဏ်ရာရရှိထားပါတယ်။
လေကြောင်းဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိထားတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေကို နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အရေးပေါ်ကုသမှုတွေ လုပ်ဆောင်နေပြီး သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထိုမြို့နယ်မှာ အခုလအတွင်း အာဏာသိမ်း စစ်တပ်က လေကြောင်း ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

