နေပြည်တော် ၊ ဇွန် ၁၉

အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရကို နိုင်ငံတကာစင်မြင့်ဖြစ်တဲ့ အာဆီယံနဲ့ ကုလသမဂ္ဂမှာ အပြည့်အဝ တန်းတူရည်တူ ပါဝင်နိုင်မှုကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်အစိုးရ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနဲ့ အမျိုးသားလွှတ်တော်ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာကျောက်လဲ့ကျိတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံခဲ့မှုအတွင်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တစ်စောင်ကို ဇွန် ၁၇ ရက်နေ့မှာ စစ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အက်ခမက်စ် (ACMECS) အပါအဝင် နိုင်ငံစုံမူဘောင်တွေမှာ အပြန်အလှန်ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တရားဝင်ရပိုင်ခွင့်တွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အာဆီယံယန္တရားတွေနဲ့ လုပ်ငန်းစဉ်အားလုံးမှာဖြစ်စေ ကုလသမဂ္ဂမှာဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်မှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအုပ်ချုပ်ရေးအသွင် ပုံဖော်လာတဲ့ စစ်အစိုးရကို အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကျဉ်ထားချိန်မှာ တရုတ်အစိုးရက ပြန်လည်ဝင်ဆံ့နိုင်အောင် တွန်းတင်နေတာပါ။

ဒါကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို စစ်အစိုးရဘက်က ကိုယ်စားလှယ်နဲ့ အပြောင်းအလဲလုပ်နိုင်အောင် တရုတ်အစိုးရက ဗီတိုအာဏာသုံးပြီး ဖိအားပေးလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ပြည်တွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ အာဏာသိမ်း စစ်အစိုးရက ထပ်မံအတည်ပြုခဲ့တာပါ။

တစ်ဘက်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်ဖော်ဆောင်နေခြင်းအပေါ် တရုတ်နိုင်ငံက ပံ့ပိုးကူညီပေးသွားမယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဖို့ ဆက်သွယ်ညှိနှိုင်းမှုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြတာပါ။

ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း (BRI) ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အချိန်မီပြီးပြတ်စေရေးလုပ်ဆောင်ဖို့နဲ့ လက်မှတ်ရေးထိုးဖို့ကိုလည်း နှစ်ဖက်စလုံးက အဆင့်သင့်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မှုကို မြှင့်တင်ဖို့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မန္တလေး-မူဆယ်ရထားလမ်း စီမံကိန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

တစ်ဘက်မှာ နှစ်ဖက်စလုံးအနေနဲ့ မိမိတို့ နိုင်ငံအတွင်းရှိ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုတွေကို တိုးမြှင့်သွားမှာပါ။

ဒါ့အပြင် အွန်လိုင်းငွေလိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း (BRI) တည်ဆောက်မှုအတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

သတ္တုတွင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ AI ဉာဏ်ရည်တုလိုမျိုး ကဏ္ဍတွေမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-HOS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.