ကျိုက်ထို၊ ဇွန် ၁၂
တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှု အားနည်းလာတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ်က ရွာစဉ်လှည့်ပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်မှုထမ်း တပ်သားလိုအပ်ချက်တွေ ဆက်ရှိနေတဲ့ စစ်ကော်မရှင်တပ်ဟာ အခုလဆန်းပိုင်းကစလို့ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရွာစဉ်လှည့်ပြီး စစ်မှုထမ်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
အိမ်စီးကားတွေနဲ့ ရွာစဉ်လှည့်ပြီး စစ်မှုထမ်း ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူစီးတာ၊ စစ်မှုထမ်းအကြုံးဝင်တယ်လို့ ယူဆရတဲ့ လူငယ်တွေကို တစ်ခါတည်း ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အင်အား ၃၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ခလွန်၊ ဘိုရားကြီး၊ မုပ္ပလင်၊ ကျိုက်က္ကသာ၊သုံးခွနဲ့ကင်မွန်းချောင်းကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ စစ်မှုထမ်း ပေါ်တာဆွဲနေတာ ဖြစ်ပြီး အခုလအတွင်း အနည်းဆုံး လူငယ် ၁၀ ဦးထက်မနည်း ပေါ်တာဆွဲခံထားရတယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က ရွာစဉ်လှည့်ပြီး စစ်မှုထမ်း ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှု အားနည်းသွားတာကြောင့်လို့ ဒေသခံတွေက ပြောကြပါတယ်။
အရင်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ကျိုက်ထိုမြို့ပေါ်မှာတောင် ယူနီဖောင်းဝတ်ပြီး မသွားရဲတဲ့ အခြေအနေကနေ အခုအခါမှာတော့ ကျေးရွာတွေအထိ ဆင်းပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၅ အထိ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၅၂၀၀ ထက်မနည်း ရှိလာခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်ကော်မရှင်တပ်ဟာ အခုလအတွင်း ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၆ ဖွင့်လှစ်နိုင်ဖို့အတွက် ဒေသတွင်းက လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

