နေပြည်တော်၊ ဇွန် ၁၂

တရားမဝင် ရောက်ရှိနေတဲ့ လိုင်စင်မဲ့ ပရဟိတ မော်တော်ယာဉ်တွေကို လိုင်စင်လုပ်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ စစ်အစိုးရရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောပါတယ်။

မနေ့ ဇွန် ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးရဲထွဋ်အောင်ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

မေးခွန်းရှင်က တရားဝင်အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားတဲ့ ပရဟိတအသင်းအဖွဲ့တွေရှိ လိုင်စင်မဲ့မော်တော်ကားတွေကို အခွန်ငွေသတ်မှတ်ပေးသွင်းစေပြီး ဥပဒေနဲ့အညီ တရားဝင်လိုင်စင် ထုတ်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့တာပါ။

ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ပြည်ပမှ တရားဝင် တင်သွင်းလာတဲ့ လူနာတင်ယာဉ်နဲ့နိဗ္ဗာန်ယာဉ်တွေကို သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ အခွန်ဝန်ကြီးဌာနမှ အခွန်အကောက် ကင်းလွတ်ခွင့်ပြုကြောင်း စာရွက်စာတမ်းတွေကို စိစစ်ပြီး ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကောက်ခံခြင်းမပြုဘဲ မှတ်ပုံတင်ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရားမဝင် ရောက်ရှိနေတဲ့ မော်တော်ယာဉ်တွေဟာ သတ်မှတ်ထားတဲ့ အထောက်အထားတွေ တင်ပြနိုင်တာ မရှိတဲ့အတွက် မှတ်ပုံတင် ဆောင်ရွက်ပေးဖို့ မရဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နိုင်ငံအတွင်းရှိ ပရဟိတယာဉ်၊ လူနာတင်ယာဉ်နဲ့နိဗ္ဗာန်ယာဉ် အများစုဟာ လိုင်စင်မဲ့ ယာဉ်တွေကိုသာ နားလည်မှုအရ အသုံးပြုနေရတာ ဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ပရဟိတအသင်းအဖွဲ့အများစု ဆက်လက်ရပ်တည်ဖို့ အခက်အခဲ ရှိနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.