ကော့ကရိတ်၊ ဇွန် ၁၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အင်အား ၁၀ ဦးလောက်နဲ့ ကော့ဘိန်းကျေးရွာ အလယ်တန်းခွဲ ကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်ဟာ ကော့ဘိန်းကျေးရွာအနောက်ဘက် တစ်မိုင်ကျော်အကွာ နေရာတွေကို လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြဲချသွားပြီး ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် ကျေးရွာအတွင်းမှာ စစ်ကော်မရှင်တပ်က ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဒေသခံအများစု အပြင်ထွက်သွားလာမရဲကြတော့ဘူးလို့ ဆိုပါတယ်။

ကော့ဘိန်းရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်ပိုက်ပြီးနောက် စစ်ကော်မရှင်တပ်က ကော့ဘိန်းရွာမှာ အင်အားအလုံးအရင်းနဲ့ လာရောက်တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ကော့ဘိန်းကျေးရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ချောင်းဝဘုရားအပါအဝင် နေရာ လေးခုမှာ ဝင်ရောက်တပ်စွဲထားတာ ဖြစ်ပါတယ်။

ကော့ဘိန်းကျေးရွာဟာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပြီး ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး NMSP AD ပြောခွင့်ရထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.