ကွာလာလမ်ပူ ဧပြီ ၂၉
အာဆီယံ သတင်းစာဆရာများအဖွဲ့ CAJ ရဲ့ ၂၁ ကြိမ်မြောက် အထွေထွေညီလာခံကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဧပြီ ၂၇ ရက်နေ့က ကျင်းပခဲ့ရာမှာ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM အနေနဲ့ ဒေသတွင်းကိုယ်စားပြုတဲ့ ကွန်းဖရင့်တစ်ခုမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံး တက်ရောက်နိုင်ခဲ့တယ်လို့ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဆီယံဒေသတွင်းက သတင်းစာဆရာ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ အဲဒီညီလာခံမှာ မြန်မာနဲ့ပတ်သက်တဲ့ မီဒီယာလွတ်လပ်ခွင့် အခြေအနေကို ပြောဆိုခွင့်ရခဲ့တယ်လို့ ဦးတိုးဇော်လတ်က ဆိုပါတယ်။ ညီလာခံအတွင်း ဒေသတွင်း မီဒီယာလွတ်လပ်ခွင့်အခြေအနေနဲ့ မီဒီယာတွေရဲ့ ရုန်းကန်လှုပ်ရှားရမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ညီလာခံမှာ အာဆီယံဒေသတွင်းက သတင်းလွတ်လပ်ခွင့်ရှိတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေအပြင် လွတ်လပ်ခွင့်မရှိတဲ့ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က သတင်းမီဒီယာဌာနတွေ၊ သတင်းမီဒီယာကောင်စီတွေ ပါဝင်ခဲ့ကြတာပါ။
ဒေသတွင်းမှာ လုပ်ဆောင်နိုင်မယ့် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းထောက်တွေရဲ့ လုံခြုံရေးအခြေအနေနဲ့ ဝိုင်းဝန်းကူညီနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးနိုင်ခဲ့ကြတာဟာ မြန်မာ သတင်းမီဒီယာတွေအတွက် အားတက်စရာ ဖြစ်တယ်လို့ ဦးတိုးဇော်လတ်က ပြောပါတယ်။
CAJ ဟာ ၁၉၇၅ ခုနှစ်ကတည်းက ဒေသတွင်း ယဉ်ကျေးမှုကွဲပြားမှုတွေကို ချိတ်ဆက်ပေးပြီး အပြန်အလှန် နားလည်မှု တိုးတက်စေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ထမ်းဆောင်နေတယ်လို့ မလေးရှား ဆက်သွယ်ရေး ဒုတိယဝန်ကြီး Teo Nie Ching က အဖွင့်မိန့်ခွန်းမှာ ပြောဆိုပါတယ်။
အခု ၂၁ ကြိမ်မြောက် CAJ ညီလာခံမှာ အင်ဒိုနီးရှားကနေ မလေးရှားသို့ ဦးဆောင်မှု လွှဲပြောင်းခြင်း အခမ်းအနားလည်း ပြုလုပ်ခဲ့ပြီး ယခင် CAJ ဥက္ကဋ္ဌ Atal S. Depari ကနေ အသစ်ခန့်အပ်ခံရတြ့ ဥက္ကဋ္ဌ Low Boon Tat သို့ CAJ အလံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒီညီလာခံကို အာဆီယံ နိုင်ငံအသီးသီးမှ သတင်းစာဆရာကိုယ်စားလှယ်တွေ အပြင် တောင်ကိုရီးယား၊ တရုတ်နိုင်ငံမှ သတင်းစာဆရာအဖွဲ့တွေနဲ့ မလေးရှား အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံတမန်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – antaranews

