ရေး၊ ဧပြီ ၂၉

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်နက်တိုက်ကို တပ်တွင်းဖရဲသီးတွေနဲ့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

စကခ ၁၉ လက်နက်တိုက်ကို PDF တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၁ တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း UG လှုပ်ရှားတပ်ဖွဲ့နဲ့ စစ်တပ်အတွင်းရှိ တော်လှန်ဖရဲသီးတို့ ပူးပေါင်းပြီး ဧပြီ ၁၉ ရက်နေ့ ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

တပ်တွင်း ဖရဲသီးတွေကြောင့် စကခ ၁၉ လက်နက်တိုက်ကို Drone ဗုံးသီးတွေအပါအဝင် လက်နက်ကြီးကျည်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီထိုပေါက်ကွဲမှုကနေတဆင့် ရိက္ခာစတိုး၊ သက်သာဆိုင်၊ ဗဟိုကင်းအတွင်းရှိ လက်နက်ခဲယမ်းတိုက်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးလောင်ပေါက်ကွဲမှုကြောင့် ဗဟိုကင်းအတွင်းရှိ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ စုစုပေါင်း ၂၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စကခ ၁၉ လက်နက်တိုက် ဖောက်ခွဲဖို့အတွက် အချိန်နဲ့ငွေကြေးမြောက်များစွာ အသုံးပြုခဲ့ပြီး ရန်သူ့လှုပ်ရှားမှုသတင်းအချက်အလက်တွေကို စနစ်တကျစုဆောင်းကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စကခ ၁၉ လက်နက်တိုက် မီးလောင်မှုကြောင့် ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားရကြောင်းနဲ့ မီးခိုးတွေ အလိပ်လိုက်တက်လာတာ တွေ့ရကြောင်း ဒေသခံတွေက အဲဒီနေ့ကတည်းက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ရေးအခြေစိုက် စကခ ၁၉ လက်နက်တိုက် ဖောက်ခွဲခံရမှုအပေါ် စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF တနင်္သာရီတိုင်းစစ်ဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.