မြဝတီ၊ ဧပြီ ၃၀
ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ နေထိုင်တဲ့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့နဲ့ လိုက်နာရမယ့်အချက်တွေကို စစ်ကော်မရှင်တပ်က တားမြစ်အမိန့်ထုတ် ပြန်လိုက်တယ်လို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။
ဧပြီ ၂၃ ရက်နေ့က မြဝတီမြို့ ခလရ ၂၇၅ တပ်မှာ ပြုလုပ်ခဲ့တဲ့ ဌာနဆိုင်ရာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးမှာ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့တို့ကို အမိန့်ထုတ်ပြန်ထားလိုက်တာပါ။
စစ်ကော်မရှင်တပ်ရဲ့ အမိန့်ထုတ်ပြန်ချက်တွေမှာ မြဝတီမြို့ပေါ်မှာ သွားလာနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယူနီဖောင်းတွေကို ဖားတစ်ပိုင်းငါးတစ်ပိုင်း မဝတ်ဆင်ဖို့နဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်စည်းကမ်းနဲ့အညီ သွားလာကြဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် မြို့ပေါ်ရပ်ကွက်အတွင်းနေထိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဆောင်ဖို့၊ လက်နက်တွေကို သက်ဆိုင်ရာ တပ်ရင်းဌာန ဒါမှမဟုတ် စည်းကမ်းထိန်းသိမ်းရေးရုံးတွေမှာ အပ်နှံထားဖို့ ပါရှိပါတယ်။
မြဝတီမြို့ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်ထားတဲ့လက်နက်တွေကို စစ်ဆေးတွေ့ရှိပါက တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့်အရေးယူမှာဖြစ်ကြောင်းနဲ့ အမှတ် ၂ တံတား ပြန်ဖွင့်ချိန်မှာ တရားမဝင်ဂိတ်တွေကို ပြန်လည်ထိန်းချုပ်ဖို့ အချက်တွေပါဝင်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း မြို့တွင်းစားသောက်ဆိုင်နဲ့ ကေတီဗွီတွေမှာ ယူနီဖောင်းဝတ်ဆင်ပြီး ဝင်ရောက်စားသောက်ခြင်းမပြုဖို့နဲ့ မြို့ပေါ်မှာ ကားတွေကို စည်းကမ်းမဲ့မောင်းနှင်တာနဲ့ လက်နက်မိုးပေါ်ထောင်ပြီး ကိုင်ဆောင်သွားလာတာတွေ မပြုလုပ်ဖို့ စစ်ကော်မရှင်တပ်က အမိန့်ထုတ်ပြန်ခဲ့တာပါ။
“အဓိက ရည်ရွယ်ချက်မှာ မြို့နေ ပြည်သူများ လိုလားသည့် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးလမ်းစဉ်မှာ ဆူးငြောင့်ခလုတ်မဖြစ်စေရန်” လို့ စစ်ကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်မှာ ပါရှိပါတယ်။
စစ်ကော်မရှင်တပ်က လက်နက်ကိုင်ဆောင်သွားလာတာတွေ မပြုဖို့ အမိန့်ထုတ်ပြန်ထားပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေက လိုက်နာမှုမရှိကြဘဲ မြို့ပေါ်မှာ အရင်လိုပဲ လက်နက်ကိုင်ဆောင်သွားလာနေကြပြီး ပုံမှန်ပဲရှိနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက မြဝတီမြို့ပေါ်မှာရှိတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် အဖွဲအစည်းတွေရဲ့ တပ်ဖွဲ့ဝင်နာမည်စာရင်းကို စစ်တပ်ထံ ပေးပို့ဖို့နဲ့ မြို့ပေါ်လုံခြုံရေးမှာ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ စစ်တပ်က အမိန့်ထုတ်ခဲ့ပါတယ်။
တစ်ဆက်ထဲမှာပဲ မြဝတီမြို့ပေါ်မှာနေထိုင်ကြတဲ့ ကရင်အမျိုးသားတပ် KNA တပ်ဖွဲ့တွေကိုလည်း မြို့ကနေ တပ်နယ် ၂ ဌာနချုပ်ဆီ အမြန်ဆုံးပြန်လည်ထွက်ခွာသွားဖို့ စစ်တပ်က အမိန့်ထုတ်ပြန်ခဲ့ပြီး KNA တပ်ဖွဲ့တချို့သာ လိုက်နာမှုရှိခဲ့ပေမယ့် အများစုကတော့ ဘက်တံဆိပ်ပြန်ဖြုတ်သိမ်းပြီး BGF တံဆိပ်ပြန်တပ်ကာ မြဝတီမြို့ပေါ်မှာ ဆက်လက်နေထိုင်ခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

