ဘီးလင်း၊ ဧပြီ ၂၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကော်မရှင်တပ်စခန်းသိမ်း တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု များလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကော်မရှင်ရဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေတာပါ။

ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲကြောင့် ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က စခန်းမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံနေပါတယ်။

ဝင်းတာပန် စခန်းသိမ်း တိုက်ပွဲကာလအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် လေးဦး ကျဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိထားသလို စစ်ကော်မရှင်ဘက်က ဆယ်နဲ့ချီ သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိနေတာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက် လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ နေအိမ် ၆၀ ကျော် ထိမှန်ပျက်စီးထားပါတယ်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ ဘီးလင်းမြို့နယ် လေးကေစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝင်းတာပန်းစခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

လေးကေနဲ့ဝင်းတာပန်စခန်းသိမ်း တိုက်ပွဲတွေကြောင့် လေးက၊ ဝင်းတာပန်၊ မင်းစောကျေးရွာအပါအဝင် ကျေးရွာ ၁၈ ရွာက ဒေသခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.