ရေစကြို၊ ဧပြီ ၂၉
နိုင်ငံတဝန်းမှာ လေးလအတွင်း စစ်တပ် တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်စုစုပေါင်း ၇၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၃၃ ဦးနဲ့ ယောင်္ကျားလေး ၃၈ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ ပဲခူးတိုင်းမှာ ၂၃ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး မကွေးတိုင်းမှာ ၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ကာ သေဆုံးသူတွေထဲမှ ၄၅ ဦးဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပါတယ်။
ဧပြီ ၂၅ ရက်နေ့မှာ မကွေးတိုင်း ရေစကြိုမြို့နယ် မင်းကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကော်မရှင်တပ် ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းဟာ တရော်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း ဝါတော် ၄ ဝါရှိတဲ့ ကိုရင်ဝိသုတ ဗုံးစထိမှန် ပျံလွတ်တော်မူခဲ့ပြီး ၁၀ တန်းကျောင်းသား မောင်ကျော်ကိုကိုနဲ့ ၂ တန်းကျောင်းသား မောင်ဟိန်းညီညီထက်တို့ ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
AAPP ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်နဲ့ လက်ပါးစေတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၇၉၉၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

