ဘရပ်ဆဲလ်၊ ဧပြီ ၂၈
ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ၂၀၂၇ ခုနှစ် မေလအထိ သက်တမ်း တိုးလိုက်ကြောင်း ကြေညာပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်အရာရှိတွေ အပေါ်ဖိအားဆက်ပေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတာ၊ ခရီးသွားလာခွင့် တားမြစ်တာနဲ့ လက်နက် ပိတ်ဆို့တာတွေ ပါဝင်ကြောင်း ဥရောပသမဂ္ဂ ကောင်စီက ရှင်းပြထားပါတယ်။
အီးယူက လူပုဂ္ဂိုလ် ၁၀၅ ဦးနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်း ၂၂ ခုကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီက ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် အီးယူက ပြုလုပ်ထားခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတဝှမ်း စစ်တပ်ကျူးလွန်နေတဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဥရောပနိုင်ငံတွေက ပြစ်တင် ရှုတ်ချထားပါတယ်။
စစ်တပ်က နိုင်ငံတဝှမ်းမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်း အီးယူက ထပ်လောင်း ပြောဆိုပါတယ်။
စစ်တပ်က မြန်မာနိုင်ငံမှာ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ် တားမြစ်နေတယ်လို့ အီးယူက ပြောပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်း အီးယူက တိုက်တွန်းထားပါတယ်။
အရပ်ဝတ်လဲထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှု တရားဝင် ဖြစ်မှုကိုလည်း ဆက်လက် ကန့်ကွက်ကြောင်း အီးယူက ထပ်မံ အတည်ပြုထားပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ဘေးရှောင်နေရသူ ၃ ဒသမ ၆ သန်း ရှိတယ်လို့ သိရပါတယ်။
လူပေါင်း ၈၀၀၀ နီးပါး သေဆုံးပြီး လူထောင်ပေါင်းများစွာ ဖမ်းဆီးခံထားရကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပြီး လူပေါင်း ၂၂၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
စစ်တပ်အတွက် အထောက်အကူ ဖြစ်စေမယ့် ဘဏ္ဍာငွေ တိုက်ရိုက် ထောက်ပံ့မှု မှန်သမျှကို ဆက်လက် ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ဥရောပသမဂ္ဂက အတည်ပြုထားပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ လမ်းကြောင်းတွေကတဆင့် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ဆက်လက် ပေးသွားမှာ ဖြစ်ကြောင်း အီးယူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့လည်း အသင့်ပြင်ထားကြောင်း အီးယူက ဆိုပါတယ်။
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို မျှော်မှန်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်းလည်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Ref:Voiceofemerit

