နယူးယောက်၊ ဧပြီ ၂၈
တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ ဂျပန်နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့ရဲ့ ပြောဆိုမှုတွေကို တရုတ်က ကုလသမဂ္ဂမှာ ဧပြီ ၂၇ ရက်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
တိုကျိုအစိုးရဟာ ထိုင်ဝမ် ရေလက်ကြားမှာ ရန်လိုတဲ့ အပြုအမူတွေ ပြုလုပ်နေပြီး စစ်အင်အားတိုးချဲ့ဖို့ စီစဉ်နေတယ်လို့ တရုတ်က စွပ်စွဲထားပါတယ်။
ဂျပန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အယာနို ကူနီမီဆုက အရှေ့တရုတ် ပင်လယ်နဲ့ တောင်တရုတ်ပင်လယ် အခြေအနေနဲ့ ပတ်သက်လို့ တိုကျိုက များစွာစိုးရိမ်ကြောင်း ရေပြင်လုံခြုံရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့တာပါ။
သင်္ဘောများ ခုတ်မောင်းသွားလာမှုနဲ့ လေယာဉ် ဖြတ်သန်း ပျံသန်းမှုတို့ကို တားဆီးတာနဲ့ အခြေအနေကို အင်အားသုံးပြီး ပြောင်းလဲဖို့ ကြိုးပမ်းမှု မှန်သမျှကို ဂျပန်က ကန့်ကွက်ကြောင်းလည်း လက်ထောက်ဝန်ကြီး ကူနီမီဆုက ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီးယူ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် စတာဗရော့စ် လမ်ဘရီနီဒစ်က တောင်တရုတ်ပင်လယ် တင်းမာမှုတွေကို အလေးထား ပြောကြားပြီး အရေးပါတဲ့ သင်္ဘော လမ်းကြောင်းအတွက် အဟန့်အတား ဖြစ်နေရကာ ဥပဒေအခြေခံတဲ့ နိုင်ငံတကာ အစီအစဉ်ကို စိန်ခေါ်နေတယ်လို့ ပြောပါတယ်။
တောင်တရုတ်ပင်လယ် တစ်ခုလုံးနဲ့ ဂျပန်နဲ့ အငြင်းပွားနေတဲ့ နယ်နိမိတ်တွေ၊ အရှေ့ပင်လယ်တို့ကို တရုတ်က သူတို့ ပိုင်ဆိုင်ဆယ်လို့ ပြောထားပါတယ်။
ဂျပန်ကရော အီးယူကပါ တရုတ်ကို နာမည်တပ်ပြီး ပြောဆိုခဲ့တာ မဟုတ်ပါဘူး။
ကုလသမဂ္ဂဆိုင်ရာ တရုတ် လက်ထောက်သံအမတ်က ဂျပန်ရဲ့ ပြောဆိုမှုတွေဟာ မလိုလားအပ်တဲ့ ပြောဆိုမှုတွေ ဖြစ်ပြီး အဖြူ၊အမည်း လုံးဝ ဝေခွဲမရတဲ့ ပြောဆိုမှု ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
အီးယူ ကိုယ်စားလှယ်အနေနဲ့လည်း တောင်တရုတ်ပင်လယ် ကိစ္စနဲ့ ပတ်သက်လို့ တာဝန်မယူတဲ့ ပြောဆိုမှုတွေ မပြောဆိုသင့်ဘူးလို့ တရုတ် သံအမတ်က ပြောပါတယ်။
လက်တွေ့မှာ အရှေ့နဲ့ တောင်တရုတ်ပင်လယ် အခြေအနေဟာ အလုံးစုံအနေနဲ့ ဆက်လက် တည်ငြိမ်နေပြီး တောင်တရုတ် ပင်လယ်ဟာ ကမ္ဘာမှာ အလွတ်လပ်ဆုံး သင်္ဘော လမ်းကြောင်းတွေထဲက တစ်ခု ဖြစ်တယ်လို့ တရုတ်က ဆိုပါတယ်။
ဂျပန်က မကြာသေးခင်က သင်္ဘောတွေ စေလွှတ်ပြီး စစ်အင်အား ထုတ်ပြခဲ့တယ်လို့ တရုတ်က စွပ်စွဲပြီး ထိုင်ဝမ် ရေလက်ကြားမှာ တင်းမာမှု မြင့်တက်အောင် တမင်တကာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူတို့ အပိုင်ဖြစ်တယ်လို့ တရုတ်က ပြောထားပြီး ပြန်လည်ပေါင်းစည်းရေးလိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ပြောထားပါတယ်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် မိမိတို့နဲ့ အရမ်း နီးကပ်နေတဲ့အတွက် မိမိတို့လည်း စစ်ပွဲထဲ ဝင်ပါရလိမ့်မယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက ပြီးခဲ့တဲ့ နှစ်မှာ ပြောဆိုခဲ့တာပါ။
အဲဒီလို ပြောဆိုမှုတွေကြောင့် တရုတ်-ဂျပန် ဆက်ဆံရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်လို့ တရုတ် သံအမတ်က ပြောပါတယ်။
ဝန်ကြီးချုပ် တာကာအိချီက အဲဒီလို ပြောဆိုခဲ့ပြီးနောက်မှာ နှစ်နိုင်ငံဆက်ဆံရေး အဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့ပါတယ်။
ဂျပန်မှာ လက်ယာယိမ်း အင်အားစုတွေက လုံခြုံရေး မူဝါဒကို တိုက်ခိုက်ရေးအတွက် အင်အားတိုးချဲ့ဖို့ ပဲ့ကိုင်မောင်းနှင်နေကြတယ်လို့ တရုတ်က စွပ်စွဲထားပါတယ်။
Source: Reuters

