ကွာလာလမ်ပူ၊ ဧပြီ ၂၇
ထောင်ကျခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်က သူ့ရဲ့ လက်ကျန် ထောင်ဒဏ်ကို နေအိမ်မှာ ပြောင်းရွှေ့ကျခံရေး လျှောက်လဲချက်ကို တရားရုံးက ငြင်းပယ်ခဲ့ပြီးနောက် သူ့ရဲ့ အယူခံဝင်မှုကို ရုတ်သိမ်းလိုက်ပါတယ်။
ပြည်တွင်း မီဒီယာ The Edge က တရားရုံး စာရွက်စာတမ်းတွေကို ကိုးကားပြီး ဧပြီ ၂၇ ရက်က အခုလိုမျိုး ဖော်ပြခဲ့လာတာပါ။
နာဂျစ်ကို ကိုယ်စားပြုတဲ့ ဥပဒေလုပ်ငန်း Shafee & Co က သူ့ကို နေအိမ် အကျယ်ချုပ် ထားရှိရေး လျှောက်လဲချက်ကို ရုတ်သိမ်းလိုက်ကြောင်း တရားရုံး စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒီလို အယူခံ ရုတ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ အဲဒီ စာရွက်စာတမ်းတွေမှာ ဖော်ပြမထားပါဘူး။
ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ 1MDB အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မှုနဲ့ ဆက်စပ်လို့ နာဂျစ်ဟာ အကျင့်ပျက်ခြစားမှု တော်တော်များများအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။
မလေးရှား ဖွံ့ဖြိုးရေး စီမံကိန်း 1MDB ကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်နွယ်တဲ့ အမှုတွေ အများကြီးထဲက တစ်မှုမှာ ငွေကြေးခဝါချမှုနဲ့ အကျင့်ပျက်ခြစားမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် နာဂျစ်ဟာ ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက ကာဂျန်းထောင်မှာ ထောင်ခြောက်နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားချိန် ၂၀၀၉ ခုနှစ်မှာ အဲဒီ ရန်ပုံငွေ စီမံကိန်းကို နာဂျစ်က ပူးတွဲ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
နေအိမ် အကျယ်ချုပ်ထားရှိရေး နာဂျစ်ရဲ့ တောင်းဆိုမှုကို ကွယ်လာလမ်ပူမြို့ အထက်တရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်မှာ ပယ်ချခဲ့ပြီး နာဂျစ်က မကြာခင်မှာ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။
နာဂျစ်ဟာ ရာထူး အာဏာ အလွဲသုံးစားမှုနဲ့ ငွေကြေး ခဝါချမှုတို့အတွက်လည်း ဒဏ်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံနဲ့ ထောင် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။
1MDB အစိုးရ ရန်ပုံငွေကနေ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခိုးယူခံခဲ့ရတယ်လို့ မလေးရှားနဲ့ အမေရိကန် စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။
အဲဒီထဲက ဒေါ်လာ ၁ ဘီလီယံကျော်ဟာ နာဂျစ်ရဲ့ ဘဏ်အကောင့်ထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
နာဂျစ်က သူ့အနေနဲ့ အမှားလုပ်ထားတာ မရှိဘူးလို့ အမြဲ ငြင်းဆိုခဲ့ပြီး အဲဒီ အရှုပ်တော်ပုံကို ကိုင်တွယ် ဖြေရှင်းပုံ လွဲမှားခဲ့တဲ့အတွက် တောင်းပန်ထားပါတယ်။
Ref:Reuters

