မော်လမြိုင်၊ ဧပြီလ ၂၉
မွန်ပြည်နယ်မှာ စက်သုံးဆီတင်သွင်းခွင့်ကို တစ်ဦးတည်း ရရှိထားတဲ့ ရာဇာမင်းဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးညီညီထွေးကို အာဏာသိမ်း စစ်အစိုးရက အရေးယူထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်အတွင်းမှာ ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတားကို ဖြတ်သန်းလာတဲ့ ဆီဘောက်ဆာကား တစ်စီးကို စစ်အစိုးရအဖွဲ့တွေက တားဆီး စစ်ဆေးခဲ့ရာ တရားမဝင် ရွှေလုပ်ကွက်တွေထံ ရောင်းချဖို့ သယ်ဆောင်လာတာ စစ်ဆေးတွေ့ရှိရတာကြောင့် ဆီသယ်ယာဉ်နဲ့ယာဉ်မောင်းတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်အစိုးရအဖွဲ့တွေက ဆီပိုင်ရှင် Puma Power International Port Terminal (PPIPT) ပိုင်ရှင်ဖြစ်သူ ဦးညီညီထွေးကိုလည်း ဆက်လက်ဖမ်းဆီးခဲ့ပြီး မုပွန်နယ်မြေရဲစခန်းမှာ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ – (၅) အရ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဦးညီညီထွေးဟာ စက်သုံးဆီ ပြင်ပရောင်းချမှုနဲ့ အဖမ်းခံထားရတာပြီး ယခင်ကလည်း ဆီပြဿနာနဲ့ မကြာခဏ အရေးယူခံရမှုတွေ ရှိခဲ့ပေမယ့် ငွေပေးနိုင်လို့ ပြန်လွတ်မြောက်ခဲ့မှုတွေရှိကြောင်း ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရာဇာမင်းဆီဆိုင်ပိုင်ရှင် ဦးညီညီထွေးဟာ ကရင်ပြည်နယ်ဘက်က တရားမဝင် လုပ်ငန်းတွေနဲ့တော်လှန်ရေးအဖွဲ့တွေထံ စက်သုံးဆီရောင်းချမှုတွေ ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်က အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဦးညီညီထွေးဟာ ယခင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ပေါင်းပြီး ပြည်နယ်အတွက် စက်သုံးဆီတစ်ဦးတည်း တင်သွင်းခွင့်ရဖို့ လုပ်ဆောင်ခဲ့ပြီးနောက် စက်သုံးဆီဈေးကွက်ကို စိတ်ကြိုက်ခြယ်လှယ်ခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ စက်သုံးဆီတင်သွင်းခွင့်ကို ရာဇမင်းက ရရှိပြီးနောက် နိုင်ငံအတွင်းမှာ တခြားပြည်နယ်နဲ့တိုင်းတွေထက် မွန်ပြည်နယ်က စက်သုံးဆီဈေးနှုန်း အမြင့်ဆုံးရောက်ရှိခဲ့သလို ပြည်သူတွေ စက်သုံးဆီဝယ်ယူရရှိဖို့ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စက်သုံးဆီ မှောင်ခိုရောင်းချမှုနဲ့မင်းသန့်၊ မိဘမေတ္တာ၊ စွမ်းမြန်မာ စက်သုံးဆီအရောင်းဆိုင်တွေက ပိုင်ရှင်နဲ့မန်နေဂျာအပါအဝင် တာဝန်ရှိသူတွေ ဖမ်းဆီး အမှုဖွင့်ခံထားရသေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

