ထားဝယ် ဧပြီ ၂၉

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ရှိ အမှတ် ၃ ရပ်ကွက်နဲ့ဖောင်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲလို့ ပြည်သူ သေဆုံးမှုရှိတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၇ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ မြိတ်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးက ဖောင်ဆိပ်ကျေးရွာအနီး ဆီအုန်းတောထဲကို ဗုံး ၂ လုံး ကြဲချခဲ့သလို ညနေ ၄ နာရီခန့်မှာ မောတောင်မြို့ အမှတ် ၃ ရပ်ကွက်ထဲ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။

မောတောင်မြို့ထဲ ဗုံးကြဲခံရမှုကြောင့် အမှတ် ၃ ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ရပါတယ်။ ဖောင်ဆိပ်ရွာမှာတော့ လူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။

စစ်တပ်က မောတောင်မြို့နဲ့အနီးဝန်းကျင်ကို ၂ ရက်ဆက် ဗုံးကြဲတာကြောင့် မြို့ခံအများစုဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဧပြီ ၂၆ ရက်နေ့ကလည်း မောတောင်မြို့ အမှတ် ၉ ရပ်ကွက်နဲ့အမှတ် ၁ ရပ်ကွက်ထဲကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာမှာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ မောတောင်အခြေစိုက် စစ်ကော်မရှင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီနေ့အထိ ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

စစ်တပ်ဘက်ကလည်း မောတောင်မြို့ကို ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေကာ သဲဖြူကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.