နေပြည်တော် ၊ ဧပြီ ၂၉
အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံကိုယ် စားပြု အစိုးရအဖြစ် စစ်ယူနီဖောင်းချွတ်ကာ အရပ်ဝတ်ပြောင်းပြီး ဖွဲ့စည်းလာပေမယ့် အာဆီယံ အပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကြောင့် စစ်တပ်က ထိပ်တန်းအရာရှိတွေ အပါအဝင် ဆက်နွယ်သူတွေ အဖွဲ့အစည်းတွေ လုပ်ငန်းတွေကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားတာပါ။
အခုအခါမှာ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်လာတဲ့ စစ်အုပ်စုကို မိတ်ဘက်နိုင်ငံဖြစ်တဲ့ အင်အားကြီး တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့က အသိအမှတ်ပြုကြပေမယ့် ဥရောပသမဂ္ဂ EU ကတော့ ဆက်လက် ကန့်ကွက်ကြောင်း ထပ်မံ အတည်ပြုလာပါတယ်။
EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၇ ခုနှစ် ဧပြီလကုန်အထိ သက်တမ်းတိုးတယ်လိုက်လို့ ဧပြီ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာ အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်အရာရှိတွေအပေါ်ဖိအားပေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာပါ။
လူပုဂ္ဂိုလ် ၁၀၅ ဦး အပါအဝင် စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်း ၂၂ ခုကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ထားတာဖြစ်လို့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတာ၊ ခရီးသွားလာခွင့် တားမြစ်တာနဲ့ လက်နက်တင်ပို့မှု ပိတ်ပင်တာတွေ ပါဝင်ပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က အခုလို ပိတ်ဆို့ခံရမှုဟာ အတုအယောင်ရွေးကောက်ပွဲကနေ ဖွဲ့စည်းထားတဲ့ အစိုးရတစ်ရပ်အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိရေးမှာ ထိခိုက်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပိတ်ဆို့မှုတွေ ကြီးလေးတဲ့အတွက် နိုင်ငံတကာကနေ Recognize (အသိအမှတ်ပြုမှု) လုပ်တဲ့ ကိစ္စတွေမှာ အလိုလို တန့်နေတာတွေ တွေ့ရတယ်။ ဆိုတော့ တစ်ဘက်က မင်းအောင်လှိုင်တို့ အုပ်စုကလည်း ဒါကို ငမ်းငမ်းတက် လိုချင်နေတယ်။ အဓိက ပြောရရင် ကိုယ်စားပြုခွင့်တွေ နိုင်ငံရေးဂုဏ် သိက္ခာအရ အစိုးရစစ်စစ်လုပ်ခွင့်တွေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွေမှာ ရပ်တည်နိုင်စွမ်းတွေကို တိုက်ရိုက်သတ်မှတ်ပေးတဲ့ အချက်တွေကို သွားပြီး ထိခိုက်နေတာ ရှိတယ်။ ဆိုတော့ အခုထက်ထိ နိုင်ငံတကာက ဒါတွေကို အသိအမှတ်မပြုတဲ့အတွက် သူတို့အတွက် တိုက်ရိုက်ထိခိုက်တာတွေ သွားရှိနေတယ်” လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုစွပ်စွဲချက်နဲ့ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံ့အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာပါ။
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ နှစ်နှစ်ကျော်အတွင်း စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ်တွေအပါအဝင် ကူညီပံ့ပိုးပေးနေသူ လူပုဂ္ဂိုလ် ၈၀ ကျော်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းပေါင်း ၃၀ ကျော်ကို အကြိမ်ရေ ဆယ်ချီထက်မနည်း ဒဏ်ခတ်အရေးယူခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အားလျော့စေမှု၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေမှုတို့ကြောင့် မြန်မာစစ်တပ် အကြီးတန်းအရာရှိ ၁၃ ဦးနဲ့ လုပ်ငန်း ၃ ခုကို ကနေဒါနိုင်ငံက ၂၀၂၅ ခုနှစ် မတ် ၇ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဆွစ်ဇာလန်နိုင်ငံကလည်း စစ်ကော်မရှင်အဖြစ် ပြောင်းလဲမဖွဲ့စည်းရသေးတဲ့ အချိန်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒါဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းဖို့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍကနေ ဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်တဲ့ စစ်အုပ်စုရဲ့ ကယ်ပေါက်တစ်ခုကို ပိတ်ပင်ရာမှာ အရေးပါလှတယ်လို့ Justice For Myanmar က ထောက်ပြထားတာပါ။
ဒီလိုမျိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ငွေကြေးစီးဆင်းမှုတွေ ကုန်သွယ်မှုတွေ ခရီးသွားလာခွင့်တွေအပေါ် သက်ရောက်မှုရှိပေမယ့် မိတ်ဖက်နိုင်ငံတွေဆီက လေယာဉ်ဆီ အပါအဝင် စစ်လက်နက် ပစ္စည်းတွေနဲ့ နည်းပညာတွေကိုတော့ စစ်အုပ်စုက ဆက်လက်ရရှိနေပါတယ်။
နိုင်အဲမွန်ကတော့ စစ်အုပ်စုအတွက် လေယာဉ်ဆီဖြတ်တောက်ရေးမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလာဖို့ နိုင်ငံတကာကို ဆက်လက်ပြီး တွန်းအားပေးနေဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
“ပိုပြီး ထိရောက်စေချင်ရင် ကျွန်တော်တို့ အမြဲပြောနေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လေယာဉ်ဆီဖြတ်တောက်ရေးတွေကို အဆုံးထိဖြစ်အောင် ဆက်ပြီး တွန်းနေဖို့ လိုတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒါ ရုရှားတို့ တရုတ်တို့ ဘယ်လာရုစ်တို့ကနေ ထောက်ပံ့နေသည့်တိုင် သူတို့ရရှိတဲ့ ရင်းမြစ်တွေ ခွင်ကျဉ်းမြောင်းသွားတယ်ဆိုတဲ့ အနေအထားက တစ်စ တစ်စ ပို ပိုလာတဲ့အခါကျတော့ ဒါပိတ်ဆို့အရေးယူဖို့အတွက် အင်မတန်ကို ထိရောက်တဲ့ ကိစ္စတွေ ဖြစ်တယ်” လို့ ဆိုပါတယ်။
Justice For Myanmar ကလည်း မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့မှုမှာ ပါဝင်ပတ်သက်နေတဲ့ လောင်စာတင်သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူပေးဖို့ နိုင်ငံတကာအစိုးရတွေကို တောင်းဆိုထားတာပါ။
ဒါ့အပြင် နိုင်ငံခြားအစိုးရတွေအနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေတဲ့ အရာတွေကို ရပ်တန့်စေဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဟန်ချက်ညီ ချမှတ်ကြရမယ်လို့ အခုနှစ်အတွင်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
EU ကတော့ မြန်မာစစ်တပ်အတွက် အထောက်အကူ ဖြစ်စေမယ့် ဘဏ္ဍာငွေ တိုက်ရိုက် ထောက်ပံ့မှု မှန်သမျှကို ဆက်လက် ရပ်ဆိုင်းထားမယ်လို့ အတည်ပြုထားပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုတော့ နိုင်ငံတကာ လမ်းကြောင်းတွေကတဆင့် ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်နေသူတွေအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အသင့်ပြင်ထားပြီး မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ကြေညာချက်မှာ အသိပေးထားတာပါ။
လက်ရှိမှာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ ထောက်ခံမှုရဖို့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ထားပါတယ်။
တစ်ဘက်မှာ စစ်အစိုးရရဲ့ သမ္မတတာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိတချို့ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖမ်းဝရမ်းထုတ်ထားသလို အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့မှာလည်း တရားစွဲဆိုမှု အသစ်တွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

