ဘေရွတ်၊ ဧပြီ ၂၇

ဧပြီ ၂၆ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦး၊ အမျိုးသမီး နှစ်ဦး အပါအဝင် လူ ၁၄ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်း ကျေးရွာတွေမှာ နေထိုင်သူတွေအနေနဲ့ ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူက စောစောပိုင်းမှာ သတိပေးချက်ထုတ်ခဲ့ပြီး အသက်အန္တရာယ် ကျရောက်နိုင်တာကြောင့် ချက်ချင်းထွက်ခွာရမယ်လို့ ပြောဆိုထားတာပါ။

အဲဒီနောက် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇဘိုလာအဖွဲ့ရဲ့ တည်နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က နောက်ပိုင်းမှာ ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးတပ်တွေကို ထိုးစစ်ဆင်ရာမှာ မိမိတို့ အသာရနေတယ်လို့ ဟစ်ဇဘိုလာ အဖွဲ့က ပြောထားချိန်မှာ အစ္စရေးက အခုလိုမျိုး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ဘနွန်မှာ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် အစ္စရေး စစ်သား တစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

သီးခြားအနေနဲ့ ဟစ်ဇဘိုလာ အဖွဲ့က အစ္စရေးကို ဒရုန်း သုံးစီးနဲ့ တိုက်ခိုက်ခဲ့ပေမယ့် နယ်စပ်ကို မကျော်နိုင်ခင် အစ္စရေး လေတပ်က ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အမြဲတမ်းမဟုတ်သေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တစ်ရပ် ဧပြီ ၁၆ ရက်က အသက်ဝင်လာခဲ့ပေမယ့် နှစ်နိုင်ငံစလုံး မသေချာ မရေရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ဧပြီ ၂၃ ရက်က သီတင်းသုံးပတ် သက်တမ်းတိုးခဲ့ ပေမယ့် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီမှုအရ အစ္စရေးအနေနဲ့ ဘယ်အချိန်မှာမဆို ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ လိုအပ်တဲ့ အစီအစဉ်အားလုံး လုပ်ဆောင်ခွင့် ရရှိထားပါတယ်။

အစိုးရ အစည်းအဝေးမှာတော့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက လက်ဘနွန်မှာ အစ္စရေး စစ်တပ် တက်ကြွစွာ တိုက်ပွဲဝင်နေဆဲ ဖြစ်ပြီး ဟစ်ဇဘိုလာ အဖွဲ့ရဲ့ လုပ်ရပ်တွေက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အားလျော့စေတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ မိမိတို့ သဘောတူထားတဲ့ စည်းမျည်းတွေအတိုင်း လက်ဘနွန်မှာ အစ္စရေး စစ်တပ် လှုပ်ရှားနေတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ဆိုတာပါ။

အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့က ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒရုန်း နှစ်စီးနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲပြီး ညပိုင်းမှာ ဟစ်ဇဘိုလာ အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ တည်နေရာတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၂၆ ရက်က ထပ်မံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အသက်ဝင်လာပြီးနောက်ပိုင်း အစ္စရေးနဲ့ ဟစ်ဇဘိုလာ အဖွဲ့ နှစ်ဖက်စလုံး တိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ဆောင်နေပြီး သဘောတူညီမှု ချိုးဖောက်တယ်လို့ တစ်ဖက်ကို တစ်ဖက်က စွပ်စွဲနေကြ ပါတယ်။

ဒီအတောအတွင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ ဧပြီ ၂၆ ရက်မှာ ပါကစ္စတန်ကနေ ပြန်လာပြီး ဝါရှင်တန်နဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေ ပြန်စဖို့ အီရန်ရဲ့ သတ်မှတ်ချက်တွေအတွက် ပြင်ဆင်နေပါတယ်။

ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နိုင်ရေး ဧပြီ ၂၂ ရက်မှာ သက်တမ်း ကုန်မယ့် နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ်က သက်တမ်းတိုးခဲ့ပါတယ်။

အီရန်က ဆွေးနွေးလိုတယ်လို့ အိမ်ဖြူတော်က ပြောထားပေမယ့် အမေရိကန်နဲ့ တိုက်ရိုက် ဆွေးနွေးဖို့ စီစဉ်ထားတာ မရှိဘူးလို့ တီဟီရန် အရာရှိတွေက တုံ့ပြန်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.