ဘမ်မာကို၊ ဧပြီ ၂၇
မြို့တော် ဘမ်မာကို အနီးရှိ နေအိမ်ကို ကားဗုံးနဲ့ အသေခံ တိုက်ခိုက်ခဲ့ပုံရတဲ့ ဖြစ်ရပ်အတွင်း မာလီ ကာကွယ်ရေးဝန်ကြီး သေဆုံးသွားခဲ့ပါတယ်။
နိုင်ငံတဝှမ်း ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေနဲ့ ခွဲထွက်ရေးသမားတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှု လှိုင်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ဝန်ကြီး ဆာဒီယို ကာမာရာ သေဆုံးကြောင်း သတင်းဌာန တော်တော်များများက ဖော်ပြကြပါတယ်။
သူဟာ တိုက်ခိုက်ရေးသမားတွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း နာရီ အနည်းငယ်ကြာပြီးနောက်မှ နိုင်ငံပိုင် ရုပ်သံလှိုင်းက အတည်ပြု ကြေညာခဲ့ပါတယ်။
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် အက်ဆီမီ ဂိုတာရဲ့ နေအိမ် ပစ်မှတ်ထားခံရပြီးနောက် သူ့ကို ဘေးကင်းရာ နေရာဆီ ပြောင်းရွှေ့ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံမြောက်ဖက်ပိုင်းမှာ နှစ်ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် မာလီ စစ်တပ် ငှားထားတဲ့ ရုရှား ကြေးစား စစ်သားတွေ ကီဒဲလ် ဒေသက ထွက်ခွာဖို့ သဘောတူထားကြောင်း အဇာဝတ် လွတ်မြောက်ရေး တပ်ဦး FLA ခွဲထွက်ရေးအဖွဲ့က ပြောပါတယ်။
မာလီမှာ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်အဖွဲ့တို့နဲ့ ဆက်နွယ်တဲ့ အဖွဲ့တွေ၊ FLA တပ်ဖွဲ့တို့ရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာ နှစ်များစွာ ကြာပြီ ဖြစ်ပါတယ်။
ကာတီဒေသမှာ ဧပြီ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုကို အယ်လ်ကိုင်ဒါအဖွဲ့နဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွတွေက ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကာမာရာရဲ့ မိသားစုဝင် အနည်းဆုံး သုံးဦးလည်း သေဆုံးခဲ့ကြောင်း ကာမာရာရဲ့ မိသားစုနဲ့ ပြင်သစ် မီဒီယာတို့ကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစ်စီးကို အသေခံဗုံးခွဲသမား တစ်ယောက်က မောင်းနှင်လာပြီး ကာကွယ်ရေးဝန်ကြီး နေအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ကာမာရာ သေဆုံးခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ အီဆာ အောက်စ်မာနီ ချော်လီဘာလီက ဧပြီ ၂၆ ရက် ညနေပိုင်းက ပြောပါတယ်။
သူဟာ တိုက်ခိုက်ရေးသမားတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး သူတို့ထဲက တချို့ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ သူဟာ ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်း ဆေးရုံမှာ ဒဏ်ရာတွေကြောင့် သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် ကာမာရာရဲ့ နေအိမ် ပြိုကျသွားခဲ့ပြီး အနီးအနားရှိ ဗလီလည်း ထိခိုက်ပျက်စီးခဲ့သလို ဝတ်ပြုသူ အတော်များများ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြောက်ပိုင်းရှိ တူအာရက်ပြည်နယ် လူမျိုးစုများ ခွဲထွက်ဖို့ ကြိုးပမ်းနေတဲ့ ခွဲထွက်ရေး သမားတွေက နိုင်ငံ မြောက်ပိုင်းမြို့တွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဂျီဟတ် ဝါဒီ စစ်သွေးကြွတွေကလည်း မာလီ နိုင်ငံတဝှမ်း တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေပါတယ်။
ဧပြီ ၂၅ ရက်က ကာကွယ်ရေးဝန်ကြီး နေအိမ်ကို တိုက်ခိုက်မှုဟာ မာလီမှာ နှစ်များစွာ အတွင်း အကြီးမားဆုံး ပူးပေါင်း တိုက်ခိုက်မှု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကီဒဲလ်မြို့မှာ မာလီ စစ်တပ်နဲ့ ရုရှား ကြေးစား စစ်သားတွေ ရှိနေတာကြောင့် လက်နက်ကိုင်တွေ သိမ်းပိုက်လို့ မရသေးဘူးလို့ မာလီ အရာရှိတွေက ပြောထားပါတယ်။
ဧပြီ ၂၆ ရက်က ကီဒဲလ်မှာ FLA နဲ့ မာလီ စစ်တပ်ကြား တိုက်ခိုက်မှုတွေ ပြန်လည် စတင်ခဲ့ ပါတယ်။
မာလီ စစ်တပ်ဟာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စတင်ပြီး ရုရှား ကြေးစား စစ်သားတွေရဲ့ အကူအညီကို ရယူနေတာ ဖြစ်ပါတယ်။
Ref:BBC

