အစ္စလာမာဘက်၊ ဧပြီ ၂၅
အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့နဲ့ အဆိုပြုချက်တွေကို ဆွေးနွေးဖို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီဟာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘက်မြို့သို့ ဧပြီ ၂၄ ရက်က ရောက်ရှိလာပါတယ်။
အစ္စလာမာဘက်မြို့မှာ သူ့အနေနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့မယ်၊ မတွေ့ဘူးဆိုတဲ့ မတူညီတဲ့ အချက်ပြမှုတွေ ထွက်ပေါ်နေပါတယ်။
ဒီအတောအတွင်း အီရန်နဲ့ ဆွေးနွေးရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်နဲ့ သမက်ဖြစ်သူ ဂျာရက် ကူးရှ်နာတို့ ပါကစ္စတန်သို့ ဧပြီ ၂၄ ရက် မနက်က ထွက်ခွာသွားပြီ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
အီရန်က ဆွေးနွေးချင်တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကယ်ရိုလင်း လီဗစ်က ပြောထားပါတယ်။
ဆွေးနွေးမှုတွေ အောင်မြင်ကြောင်း အတည်ပြုနိုင်ရင် အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်ဇ် ပါကစ္စတန်သို့ သွားရောက်ဖို့ အသင့်ပြင်ထားတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
ဒါပေမဲ့ ဝန်ကြီး အာရက်ချီအနေနဲ့ အစ္စလာမာဘက်မြို့မှာ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာ မရှိဘူးလို့ ပါကစ္စတန် သတင်းရင်းမြစ်က ပြောပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက အာရက်ချီ ရောက်ရှိနေပြီ ဖြစ်ကြောင်း အတည်ပြုထားပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေအတွက် ပါကစ္စတန် အရာရှိတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုအတွင်း ကာတာ ခေါင်းဆောင် ဟာမက် ဘင် သာနီက အမေရိကန်-အီရန် အပစ်အခတ် ရပ်စဲမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း ကာတာနိုင်ငံပိုင် သတင်းဌာနက ဧပြီ ၂၄ ရက် ညနေပိုင်းက ဖော်ပြခဲ့ပါတယ်။
ပါကစ္စတန် ဦးဆောင်တဲ့ ကြားဝင် စေ့စပ်ရေး ကြိုးပမ်းမှုတွေကို လက်တွဲဖော်နိုင်ငံတွေနဲ့ အတူပူးပေါင်းပြီး ဆက်လက် ကူညီပေးသွားမှာ ဖြစ်ကြောင်း ကာတာ ခေါင်းဆောင်က ထရန့်ကို ပြောဆိုခဲ့ပါတယ်။
အီရန်က ပါကစ္စတန်၊ အိုမန်၊ ရုရှားတို့နဲ့ ဆွေးနွေး တိုင်ပင်နေကြောင်း ဝန်ကြီး အာရက်ချီက လူမှုမီဒီယာမှာ ရေးပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိဟက်ဆက်ချ်ကတော့ အီရန်အနေနဲ့ အမေရိကန်နဲ့ သဘောတူညီမှု ရယူဖို့ ကောင်းမွန်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြောပါတယ်။
အီရန်က အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ စီစဉ်ထားတာ မရှိဘူးလို့ ပြောထားပေမယ့် ထရန့်က အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ်လိုချင်နေပြီ ဖြစ်ကြောင်း အမေရိကန်ရဲ့ တောင်းဆိုမှုတွေအတိုင်း လိုက်လျောဖို့ ဆန္ဒရှိနေပြီ ဖြစ်ကြောင်း ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီးနောက် မကြာခင်မှာပဲ အီရန်က ကမ္ဘာ့ လောင်စာအတွက် အရေးပါ ရေလမ်းကြောင်း ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားလိုက်ပါတယ်။
အီရန်နဲ့ အပစ်အခတ် ရပ်စဲမှုကို သဘောတူညီချက် ရတဲ့အချိန်အထိ သက်တမ်း တိုးပေးထားတယ်လို့ ထရန့်က ပြောပေမယ့် စစ်ပွဲ အဆုံးသတ်ရေး အချိန် သတ်မှတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။
ဒီအတောအတွင်း အမေရိကန်က အီရန် ဆိပ်ကမ်းတွေ အားလုံးကို ပိတ်ဆို့ထားပြီး အီရန် စီးပွားရေး အများကြီး အထိနာနေပြီလို့ ထရန့်က ပြောဆိုထားပါတယ်။
စစ်ခင်းနေတဲ့ နှစ်နိုင်ငံစလုံးရဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာ့ရေနံဈေး ခေါင်ခိုက်နေပြီး အရှေ့တောင် အာရှနိုင်ငံအချို့က ရုရှား ရေနံဝယ်ယူရေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
Ref:BBC/Reuters

