ဘန်ကောက်၊ ဧပြီ ၂၅

ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးမှုအတွင်း တရုတ်နဲ့ထိုင်းတို့က သူတို့ရဲ့ ကာလကြာရှည် လက်တွဲမှုကို တိုးချဲ့ဖို့နဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အဆင့်မြင့် အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ရေး သဘောတူညီခဲ့ကြပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ဧပြီ ၂၄ ရက်မှာ ကြိုဆိုခဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်ဖို့နဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုတွေက ထိုင်းနဲ့တရုတ် ဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုကို ပိုပြီး ပြည့်စုံတဲ့ ရလဒ် ရှေ့ဆောင်မူဘောင် တစ်ခု အသွင်သို့ အဆင့်တိုးမြှင့်ရေး အဓိက ထားဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီး ရာချာဒါ ဒနဒီရက်က ပြောပါတယ်။

နှစ်နိုင်ငံ သက်ဆိုင်ရာ ဖွံ့ဖြိုးရေး မဟာဗျူဟာတွေနဲ့ အညီ ပူးတွဲ အရေးယူဆောင်ရွက်ရေး အစီအစဉ် ဖော်ဆောင်ရေး မူအားဖြင့် သဘောတူညီခဲ့ကြတယ်လို့ အစိုးရ ပြောခွင့်ရ ရာချာဒါက ဆိုပါတယ်။

နှစ်နိုင်ငံကြား စီးပွားရေး ၊နည်းပညာနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ရလဒ်ကောင်းများ ထွက်ပေါ်စေရေး နှစ်နှစ်နိုင်ငံ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်အနေနဲ့ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ဖို့လည်း ဝမ်ယိက ထပ်မံ ဖိတ်ခေါ်ခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ အနုတင်က တရုတ်ဝန်ကြီးချုပ် လီကီချန်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒေသဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဝမ်ယိက ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြန်အလှန် နားလည်မှု အားပိုကောင်းလာအောင် ဆောင်ရွက်ဖို့နဲ့ အပြုသဘောဆောင်တဲ့ စေ့စပ်မှုတွေ လုပ်ဆောင်မယ်လို့ ထိုင်းဖက်က ထပ်ပြီး အတည်ပြုပါတယ်။

လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းအောင် ဆောင်ရွက်ရေး ဆွေးနွေးရာမှာ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးနဲ့ ကျားဖြန့်ဂိုဏ်း တိုက်ဖျက်ရေး အားစိုက်လုပ်ဆောင်ဖို့ ကိစ္စလည်း ပါဝင်ပါတယ်။

ဝမ်ယိဟာ ထိုင်းနိုင်ငံပြီးနောက် နေပြည်တော်သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.