ကွာလာလမ်ပူ၊ ဧပြီ ၂၅
ဂျပန်မှာ ၂၀၁၈ ခုနှစ်က လူသတ်မှုအတွက် ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဂျပန်နိုင်ငံသား ဝရမ်းပြေး တစ်ဦးဟာ မြန်မာနိုင်ငံသားအဖြစ် ဟန်ဆောင်ပြီး ၇ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် မလေးရှား အစိုးရက သူ့ရဲ့ မိခင်နိုင်ငံဆီ ပြန်လည် ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။
သူဟာ ဖန်းဆီးမခံရရေး မြန်မာနိုင်ငံသားအဖြစ် သက်သေခံ အချက်အလက် အတုတွေ ကိုင်ဆောင်ပြီး ၇ နှစ်တိုင်တိုင် တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ အဲဒီ ဝရမ်းပြေးကို ဖော်ထုတ်ရေး မျိုးဗီဇ DNA တိုက်ဆိုင် စစ်ဆေးတာ အပါအဝင် မူခင်းဆေးပညာအပေါ် အခြေခံတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုပြီးမြောက်ပြီးနောက် ဧပြီ ၂၄ ရက်က ဂျပန်နိုင်ငံသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း မလေးရှားတော်ဝင် ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
အဲဒီ အမျိုးသားကို ကီဒါးရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာဌာနက မူးယစ်ဆေးဝါးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအရ ကနဦး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဂျပန်ရဲတပ်ဖွဲ့က နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုရဲ့ အနီရောင် သတိပေးစာရင်းမှာ ထည့်သွင်းထားတာ ဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့ဆီ အကူအညီ တောင်းခံခဲ့ပါတယ်။
အဲဒီလို တောင်းဆိုထားမှုကြောင့် ဘူကစ် အမ္မန် နိုင်ငံတကာရဲတပ်ဖွဲ့က သူ့ကို နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် သူ့ကို လက်ဗွေရာ တိုက်ဆိုင် စစ်ဆေးတာ၊ မျက်နှာမှတ်သားနိုင်တဲ့ စနစ်နဲ့ စစ်ဆေးတာတွေ အပါအဝင် စစ်ဆေးမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။
မလေးရှား DNA မူခင်း ဆေးပညာ အချက်အလက်စနစ်သို့ သံသယရှိသူရဲ့ DNA အချက်အလက်တွေကို ဂျပန်က ပေးပို့ခဲ့ပြီးနောက် သူ့ရဲ့ DNA အချက်အလက်တွေနဲ့ ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဂျပန်နိုင်ငံသို့ ပြန်မပို့ခင် သူ ကနဦး ဖမ်းဆီးခံခဲ့ရတဲ့ ဥပဒေချိုးဖောက်မှုတွေအတွက် ၂၀၂၅ သြဂုတ် ၂၇ ရက်က အလက် ဆက်တာ ပြည်နယ်မှာ စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
မူးယစ်ဆေး သုံးစွဲမှုအတွက် ထောင်ဒဏ် ၁၂ လ၊ မူးယစ်ဆေး လက်ဝယ် တွေ့ရှိမှုအတွက် ထောင်ဒဏ် ၁၀ လ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၈ လတို့ကို တစ်ပေါင်းတည်း ကျခံနေရပြီး သူ့ရဲ့ ထောင်ဒဏ်ပြည့်ပြီးနောက် ဂျပန်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မှာ ဖြစ်ပါတယ်။
ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ် အမ် ကူးမားက အခုလိုအောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး ၊နိုင်ငံတကာ လုံခြုံရေး အားကောင်းလာစေရေး မလေးရှားရဲတပ်ဖွဲ့ရဲ့ ကတိထားမှုကို ဖော်ပြနေတယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံမှာ လူသတ်မှု ကျူးလွန်သူတွေဟာ မလေးရှားနဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်လေ့ရှိပါတယ်။
၂၀၁၉ ခုနှစ်ကလည်း ဂျပန်မှာ လူသတ်မှုအတွက် ရဲတပ်ဖွဲ့ အလိုရှိနေတဲ့ ဂျပန်နိုင်ငံသား တစ်ဦးကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။
မလေးရှားမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အရှိန်မြှင့် နှိမ်နှင်းနေပြီး မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံနေရပါတယ်။
အခု ဂျပန် လူသတ်ကောင် ဝရမ်းပြေးဟာ ဖမ်းဆီးမခံရရေး မြန်မာနိုင်ငံသား အဖြစ် သက်သေခံ စာရွက်စာတမ်း အတုတွေ ကိုင်ဆောင်ပြီး တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။
Ref:MalayMail

