မုန်း၊ ဧပြီ ၂၃

ပဲခူးတိုင်း မုန်းမြို့နယ် ပျဉ်းမပင်ကျေးရွာမှာ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က မုန်းအခြေစိုက် အမှတ် ၃၀၇ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ခတ်ရာမှ ပျဉ်းမပင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လက်ပံကုန်ကျေးရွာမှ စစ်ဘေးရှောင် အသက် ၄၆ နှစ်အရွယ် ဦးငြိမ်းခိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ KNU အုပ်ချုပ်နယ်မြေရှိ ပြည်သူလူထုတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ဒရုန်း၊ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကလည်း ကရင်ပြည်နယ် ဘားအံမြို့နယ် တလိုင်းကရင်နဲ့ကွင်းလေးကျေးရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.