ထားဝယ်၊ ဧပြီ ၂၃

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဟင်းကပိကျေးရွာမှာ ကော်သူးလေအာမီအဖွဲ့KTLA ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ KNLA တပ်ဖွဲ့ဝင် လေးဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်က ဟင်းကပိကျေးရွာမှာ လုံခြုံရေးယူနေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၂ က ရဲဘော်တွေကို စောအယ်ခွီး ခေါ် ကော်လားဖိုး ဦးဆောင်တဲ့ ကော်သူးလေအာမီအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင် ရဲဘော် လေးဦးနဲ့ ဟင်းကပိကျေးရွာက အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကော်သူးလေအာမီမှ စောအယ်ခွီးဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း ကရင်အမျိုးသားအစည်းအရုံး KNU သရက်ချောင်းမြို့နယ်ရှိ KNLA တပ်ဖွဲ့တွေကို မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့ကလည်း သမီးပေါ်ကျေးရွာနဲ့ ပျားသားချောင်းကျေးရွာကြားမှာ ရှေ့တန်းမှ ပြန်လာတဲ့တော်လှန်ရေးမဟာမိတ်ရဲဘော်တွေကို KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် သုံးဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.