မော်လမြိုင်၊ ဧပြီ ၁၈
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံရနေတဲ့ အကျဉ်းသား ၁၃၉ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အကျဉ်းဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။
မနေ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက် ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
အကျဉ်းသား ပြန်လွှတ်ပေးမှုအရ မော်လမြိုင်အချုပ်ထောင်က ၅၆ ဦး၊ ကျိုက်မရောဗဟိုအကျဉ်းထောင်က ၁၈ ဦး၊ သထုံအကျဉ်းထောင်က ၃၁ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းက ၁၃ ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းက ၁၂ ဦးနဲ့ အင်းဗြောင်ကုန်ထုတ်စခန်းက ၉ ဦး ပါဝင်ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ နှစ်ဦး ပါဝင်ပါတယ်။
အာဏာသိမ်းအစိုးရသစ်ဟာ မနေ့က နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၃၃၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပါတယ်။
ဒါပေမယ့် လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် လက်ရှိ ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

