နေပြည်တော် ၊ ဖေဖော်ဝါရီ ၈
လွတ်လပ်တဲ့ နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေစေရေး သူတစ်ပါးလက်အောက်ခံ မဖြစ်စေရေး အားလုံး စည်းလုံးညီညွတ်ကြရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ၇၉ နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ထည့်ပြောလာပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာအရ မိမိတို့ နိုင်ငံဟာ ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အဓိကကျတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။
တိုင်းရင်းသားညီအစ်ကိုတွေအကြား လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ကာလလိုမျိုး စည်းလုံးညီညွတ်မှုနဲ့ နားလည်ယုံကြည်မှု ပုံစံမျိုးတွေကို ပြန်လည်ရရှိအောင် တည်ဆောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ဖို့ ဝိုင်းကြိုးပမ်းကြရမယ်လို့ ပြောဆိုခဲ့တာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက ဗဟိုအစိုးရဖြစ်စေ စစ်အုပ်စုဖြစ်စေ အပေါ်စီးကနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးမပေးဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြောတာဟာ သဘာဝမကျဘူးလို့ တုံ့ပြန်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဖို့ တပြည်ထောင်စနစ်အပါအဝင် အာဏာရှင်စနစ်နဲ့ သွားလို့ရမှာ မဟုတ်သလို စစ်တပ်ကနေ တိုင်းရင်းသားဒေသတွေကို စစ်အင်အားလုံးပြီး တည်ဆောက်တဲ့ စည်းလုံးညီညွတ်ရေးကလည်း မမှန်ကန်ဘူးလို့ သူက အခုလို ပြောပါတယ်။
“စည်းလုံးညီညွတ်ရေးကတော့ အမှန်တကယ် လိုလားပါတယ်။ ဒါပေမယ့် စည်းလုံးညီညွတ်ရေးတည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုပေးဖို့ လိုတယ်။ သူတို့ရဲ့ နယ်မြေတွေ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းခွင့်တွေကို အသေအချာ အသိအမှတ်ပြုဖို့ လိုမယ်။ နောက်ပြီးတော့ တိုင်းရင်းသားတိုင်း လူမျိုးတိုင်းမှာ တန်းတူအခွင့်အရေးတွေ ရှိဖို့ပေါ့။ ဒါတွေကို ပြည့်ပြည့်ဝဝ ပေးပြီးမှသာလျှင် အဲဒီအပေါ်မှာ စည်းလုံးညီညွတ်ရေးကို အထက်အောက်မဟုတ်ဘဲ ဘေးတိုက်စည်းလုံးညီညွတ်ရေး Coordinating Cooperating စသဖြင့် ဒါမျိုး တည်ဆောက်လို့ ရတယ်”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေဖို့ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးမှာ ပြည်ထောင်စုရဲ့ ဘယ်နေရာမှာ နေထိုင်တာဖြစ်စေ ပြည်ထောင်စုဖွားတိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရေးပဲလို့ ပြောပါတယ်။
နိုင်ငံနဲ့ လူမျိုးတွေ ထာဝရတည်တံ့ခိုင်မြဲရေးကို ကိုယ်စွမ်း ကိုယ်စနဲ့ စည်းလုံးညီညွတ်တဲ့ စွမ်းအားတွေနဲ့ မထိန်းသိမ်းနိုင်ရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝသို့ ကျရောက်နိုင်တာကိုလည်း သတိပြုစေလိုတယ်လို့ သူက ပြောဆိုခဲ့တာပါ။
နိုင်မွန်စိုင်းကတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ စစ်အုပ်စုအတွက်ချည်း မဟုတ်ဘဲ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ပြည်သူတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် လွတ်လပ်ခွင့်နဲ့ အာမခံချက်တွေ အပြည့်အဝ ရှိနေဖို့ လိုတယ်လို့ ထောက်ပြပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အာဏာရပါတီရဲ့ မဲမသမာမှုတွေနဲ့ နိုင်ငံတော်အာဏာကို မတရားရယူခြင်းကနေ ကာကွယ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံ့အာဏာကို မလွှဲမရှောင်သာ ထိန်းသိမ်းခဲ့တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
၂၀၂၁ နောက်ပိုင်း ပြည်တွင်း ပြည်ပ ပယောဂတွေနဲ့ သွေးထိုးမှုတွေကြောင့် နိုင်ငံတစ်ဝန်း ဆူပူမှုတွေ ဖြစ်ပွားခဲ့မှုအပေါ် စစ်တပ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး အခြေအနေတည်ငြိမ်အောင် ပြန်လည်ကြိုးစားနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးခဲ့ပြီး ဖွဲ့စည်းပုံနဲ့အညီ ပေါ်ပေါက်လာတဲ့ အစိုးရထံ နိုင်ငံ့အာဏာကို လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က ပေါ်ပေါက်လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်စခန်းနေရာချထားရေးနဲ့ ပတ်သက်ပြီး ဟန်ပြအဖြစ် ညှိနှိုင်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တန်ဖိုးနည်း ဖက်ဒရယ် ဒါမှမဟုတ်လည်း ဈေးအပေါဆုံး ဖက်ဒရယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူက အရင်ပေးလိုက်မယ်။ ဒီလောက် ဒီလောက်နဲ့ ယူပေါ့။ တပ်စခန်းနေရာ ချထားမှုတွေကိုလည်း တဖြည်းဖြည်းနဲ့ ပြန်လုပ်မှာပဲ။ သူတို့က ၂၀၀၈ ခြေဥကို ကိုင်ထားတာဆိုတော့ ယောင်ပြပေါ့ ‘ဝ’ ဒေသ မိုင်းလားဒေသမှာ ရှိနေတဲ့ စစ်တပ်တွေက ဟန်သာသွားပြီး BGF ပုံစံမျိုး လုပ်နေရတဲ့ ပုံစံမျိုးလောက်အထိ ခြေကုတ်ယူလို့ရအောင် နောက်ဆုံး ရခိုင် ကချင် ရှမ်းမြောက်ပေါ့။ဒီလိုနေရာမျိုးတွေအထိ သူတို့က လုပ်သွားနိုင်တယ်”လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းသို့ လာရောက်ကြဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းပေးကြဖို့ သဝဏ်လွှာကနေ စစ်ခေါင်းဆောင်က ဖိတ်ခေါ်ထားတာပါ။
ဒါဟာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်တပ်က ကြေညာထားတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို ရည်ရွယ်တာလို့ နားလည်ရပါတယ်။
MNDAA နဲ့ TNLA တို့ဟာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ စစ်တပ်ရဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံနဲ့ အရပ်သားပစ်မှတ်တွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးမှာ တခန်းရပ်ခဲ့ရသလို စစ်တပ်နဲ့လည်း အပစ်ခတ်ရပ်စဲထားကြပါတယ်။
စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မျိုးချစ်စိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်တို့ကို အရင်းခံပြီး အစိုးရနဲ့ အတူ ပူးပေါင်းလက်တွဲသွားကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

