မွန်ပြည်နယ် လွှတ်တော်ခေါ်ယူဖို့ ပြင်ဆင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၈

အာဏာသိမ်းစစ်ကော်မရှင်ဟာ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးခေါ်ယူဖို့ ပြင်ဆင်တွေ လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လွှတ်တော် အစည်းအဝေး ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်ရုံးမှာ စစ်ကော်မရှင်ခန့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း ဦးဆောင်ပြီး လုပ် ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တာပါ။

အဲဒီအစည်းအဝေးမှာတော့ ဦးတင်ဇော်ထွန်းက ရွေးကောက်ပွဲ ကျင်းပပြီး ဖြစ်တာကြောင့် ပြည်နယ် လွှတ်တော်ကို မကြာမီ ကာလအတွင်း ခေါ်ယူမှာ ဖြစ်တာကြောင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေကို အလျင်အမြန် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကူညီဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မိမိတို့ တာဝန်ကျရာ အခန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက် ပေးဖို့ကိုလည်း ညွှန်ကြားခဲ့ပါသေးတယ်။

မွန်ပြည်နယ် လွှတ်တော် ပြန်စပါက မဲအများဆုံးရသူ အနိုင်ယူ စနစ် FPTP နဲ့ ကိုယ်စားလှယ် ၁၀ နေရာ၊ အချိုးကျ ကိုယ်စားပြုစနစ် PR နဲ့ ကိုယ်စားလှယ် ၁၀ နေရာ၊ တိုင်းရင်းသား လူမျိုး ကိုယ် စားလှယ် ၃ နေရာနဲ့ စစ်တပ်က ကိုယ်စားလှယ် ၈ နေရာ၊ စုစုပေါင်း ကိုယ်စားလှယ် ၃၁ နေရာ ရှိနေပါတယ်။

စစ်တပ် ရွေးကောက်ပွဲ ရလဒ်တွေအရ မွန်ပြည်နယ် လွှတ်တော်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၁ နေရာနဲ့ အများဆုံး ဖြစ်ပြီး မွန်ညီညွှတ်ရေးပါတီကတော့ ကိုယ်စားလှယ် ၇ နေရာနဲ့ ဒုတိယ အများဆုံး ဖြစ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနဲ့ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့ကလည်း ကိုယ်စားလှယ် ၁ နေရာဆီ ရရှိထားပါတယ်။

တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကိုတော့ လာမယ့် မတ်လတတိယပတ်အတွင်း ခေါ်ယူ သွားဖို့ ရှိနေတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.