ဒါကာ၊ ဇန်နဝါရီ ၁၃
နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးထားပြီး မြန်မာ နယ်စပ်မှာ ဘင်္ဂလားဒေ့ချ်က တပ်လှန့်ထားကြောင်း ဒါကာ အရပ်ဖက် စစ်ဖက်ဆိုင်ရာ အရာရှိတွေက ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
လူဦးရေ ၁ သန်းကျော်နေထိုင်နေတဲ့ ကော့ဘဇား ဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၁၁ ရက် နောက်ပိုင်း သေနတ် ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်းလည်း ဘင်္ဂလားဒေ့ချ် အရာရှိတွေက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ARSA တပ်ဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးထားပြီး နယ်စပ်မှာ တပ်လှန့်ထားကြောင်း ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ် ဗိုလ်မှူး မိုအီနူဒင် အာမက်က ပြောထားပါတယ်။
ARSA တိုက်ခိုက်ရေးသမားတွေ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာပြီးနောက် ဘင်္ဂလားဒေ့ချ်က ဇန်နဝါရီ ၁၁ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ဖမ်းဆီးထားသူတွေထဲက တစ်ဦးကို ဆေးရုံတင်ထားပြီး တခြားလူတွေကို ဥပဒေအရ အရေးယူနိုင်ရေး ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICJ မှာ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုကို ကြားနာ စစ်ဆေးနေချိန် ARSA အဖွဲ့က ရခိုင်ပြည်နယ်ထဲ ဝင်ရောက်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ အချိန်ကိုက် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်ချေမှုန်းတာခံရပြီး နောက်မှာ ARSA တပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်လဲပြီး ဘင်္ဂလားဒေ့ချ် နိုင်ငံထဲ ထွက်ပြေးသွားခဲ့တာ ဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။
ရိုဟင်ဂျာ လူမျိုးများ လွတ်မြောက်ရေး ကြွေးကြော်နေတဲ့ ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ချ် ဒုက္ခသည် စခန်းတွေမှာ ဘာသာရေးနဲ့ လူမျိုးရေး သွေးထိုး လှုံ့ဆော်ပြီး လူအင်အား စုဆောင်း ခေါ်ယူမှုတွေ ရှိနေကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်သတင်းတွေကို စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းဌာနတွေက ဘင်္ဂလားဒေ့ချ် အရာရှိတွေဟာ အကြမ်းဖက်သမားတွေကို မသိကျိုးကျွန်ပြုထားတယ်လို့ စွပ်စွဲ ဖော်ပြပြီးနောက် အခုလို ဖမ်းဆီးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဘင်္ဂလားဒေ့ချ် စစ်တပ်က ပြောပါတယ်။
အဲဒီ တိုက်ပွဲများကြား လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ချ် နယ်စပ်ရှိ ကျေးရွာ ဒေသခံတွေ စိုးရိမ် ကြောက်ရွံ့စွာ နေထိုင်နေရကြောင်း အရာရှိတွေက ပြောပါတယ်။
ARSA နဲ့ AA က မြေပြင်မှာ တိုက်ခိုက်နေပြီး မြန်မာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် သုံးပွင့်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ ဘင်္ဂလားဒေ့ချ် စစ်ဖက်ဆိုင်ရာ အရာရှိတွေက ပြောထားတာပါ။
မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးရေး နယ်စပ်ဒေသများသို့ ဥပဒေ စည်းကြပ်ရေး အေဂျင်စီများ ချထားကြောင်း ဘင်္ဂလားဒေ့ချ် အရာရှိတွေက ပြောကြားထားပါတယ်။
Ref:Thestraittimes

